ဧရာဝတီတိုင်း မြို့နယ် ၂၆ ခုတွင် ညမထွက်ရ အမိန့်ထုတ်
DVB
·
April 18, 2020
COVID-19 ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ဧရာဝတီတိုင်းအတွင်းက ပြည်သူများ အနေနဲ့ ည ၁၀ နာရီကနေ မနက် ၄ နာရီအချိန်ထိ အပြင်မထွက်ကြဖို့နဲ့ မလိုက်ပါက အရေးယူမယ်လို့ တိုင်းဒေသကြီး အစိုးရအဖွဲ့က အမိန့်ထုတ်ပြန်လိုက်ပါတယ်။
ညမထွက်ရအမိန့်အား မြို့နယ် ၂၆ မြို့နယ်ကို ဧပြီ ၁၈ ရက်နေ့ကစတင်ပြီး အမိန့်ထုတ်ပြန်သွားဖို့ တိုင်းဒေသကြီးအဆင့် COVID-19 ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီက ညွှန်ကြားထားတာပါ။
ကန်ကြီးထောင့်မြို့နယ် အမှတ် ၁ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးစိုးမိုးထွန်းက “အမိန့်ကတော့ ဒီနေ့မှ တိုင်းကထုတ်တာ၊ ဒါကို မြို့နယ်ထွေအုပ်က ဆက်ထုတ်တာ။ ည ၁၀ နာရီကနေ မနက် ၄ နာရီထိ အပြင်မထွက်ဖို့ပေါ့၊ ထွက်ရင်တော့ တည်ဆဲဥပဒေတွေနဲ့ ထိရောက်စွာ အရေးယူသွားမယ်ဆိုတာပါတယ်” လို့ ဒီဗွီဘီကိုပြောပါတယ်။
ည ၁၀ နာရီမှ မနက် ၄ နာရီအထိ အပြင်မထွက်ရဖို့ အမိန့်ထုတ်ပြန်ထားပေမဲ့ ဌာနဆိုင်ရာတာဝန်နဲ့ သွားလာတဲ့သူတွေနဲ့ ကျန်းမာရေးကိစ္စဆောင်ရွက်တဲ့သူတွေနဲ့ နာရေးကိစ္စ ဆောင်ရွက်တွက်သူတွေတော့ ညမထွက်ဖို့ သတ်မှတ်ထားတဲ့အချိန်ကာလမှာ အလုပ်ပေါ်လာ ရင် သွားလာနိုင်တယ်လို့ ဆိုပါတယ်။
COVID-19 ရောဂါကူးစက်မှုနှုန်းမြင့်တက်လာတာနဲ့အညီ တိုင်းဒေသကြီးအစိုးရအနေနဲ့ ရောဂါ ထိန်းချုပ်နိုင်ဖို့အတွက် လိုအပ်တဲ့ အမိန့်ညွှန်ကြားချက်တွေကို ထုတ်ပြန်နေသလို Quarantine မဝင်လိုတဲ့သူတွေ ညဉ့်နက်ပိုင်းက ခိုးဝင်ပြီး ပြန်လာနေတယ်ဆိုတဲ့ ပြည်သူတွေရဲ့ စိုးရိမ်ပူပန်မှုကိုလည်း လျော့ကျစေမယ်လို့ သိရပါတယ်။
COVID-19 ရောဂါဖြစ်ပွားနေစဉ် အချိန်ကာလအတွင်း ညပိုင်းအချိန် ပြည်သူတွေ အပြင်မထွက်ဖို့ကို တိုင်းနဲ့ ပြည်နယ်အတော်များများမှာ ဧပြီလ ၁၇ ရက်နေ့က စတင်ပြီး အမိန့်ထုတ်လာခဲ့တာဖြစ်ပြီး ရန်ကုန်၊ စစ်ကိုင်းနဲ့ မန္တလေးတိုင်းတွေမှာလည်း ညမထွက်ရ အမိန့်ထုတ်ပြန်ထားပြီဖြစ်ပါတယ်။
မင်းထက်မုန်း (ပုသိမ်)