စစ်ကိုင်းတိုင်းအတွင်း ညမထွက်ရ အမိန့်ထုတ်ပြန်
Aung Ko Latt
·
April 14, 2020
စစ်ကိုင်းတိုင်းတွင် ကျန်းမာရေး၊ လူမှုရေးကိစ္စမှအပ ခိုင်လုံတဲ့ အကြောင်းပြချက်မရှိဘဲ ည ၁၀ နာရီကနေ မနက် ၄ နာရီအထိ သွားလာတာတွေ မလုပ်ကြဖို့ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့က ဧပြီ ၁၃ ရက်မှာ အမိန့်ထုတ်ပြန်လိုက်ပါတယ်။
COVID-19 ရောဂါ ထိန်းချုပ်ဖို့ အကောင်းဆုံးနည်းလမ်းက အိမ်မှာနေတာ၊ တစ်ယောက်နဲ့ တစ်ယောက် မထိတွေ့အောင်နေတာက အကောင်းဆုံးဖြစ်ပြီး မဖြစ်မနေအပြင်ထွက်မယ်ဆိုပါက နှာခေါင်းစည်းတွေတပ်ဆင်သွားလာကြဖို့လည်း အမိန့်စာမှာ ပါရှိပါတယ်။
အမိန့်စာမှာ ညမထွက်ရသတ်မှတ်ချက်အပြင် သင်္ကြန်ကာလ ရေပက်ကစားတာ၊ ရေပက်ခံ ထွက်တာ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ချက်တွေကို လိုက်နာပြီး မိမိတင်မက မိမိပတ်ဝန်းကျင်ရှိသူတွေပါ ရောဂါကူးစက်မှု မရှိစေရေးဆောင်ရွက်ကြဖို့ စတာတွေ ပါရှိပါတယ်။
အများပြည်သူအကျိုးအတွက် ရည်ရွယ်ပြီး အမိန့်စာကို ထုတ်ပြန်ထားတာဖြစ်လို့ လိုက်နာကြဖို့နဲ့ အမိန့်ကို မလိုက်နာရင် တည်ဆဲဥပဒေတွေနဲ့အညီ အရေးယူသွားမယ်လို့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးလက်မှတ်ရေးထားကို ထုတ်ပြန်လိုက်တာပါ။
ပြီးခဲ့တဲ့ ဧပြီ ၄ ရက်ကလည်း စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ခရီးသွားလာခွင့်ကို ဧပြီ ၆ ရက်နေ့ည ၁၂ နာရီမှ ဧပြီ ၂၁ ရက် ည ၁၂ နာထိ ၂ ပတ်ကျော်ကြာ ကာလကို ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင် လက်မှတ်ထိုးပြီး အမိန့်ထုတ် ပိတ်ပင်ခဲ့ပါသေးတယ်။ အဲဒီအမိန့်စာကိုတော့ တိုင်းနှင့် ပြည်နယ်အလိုက် တတိုင်းတပြည်နယ် တမျိုးစီဖြစ်နေလို့ဆိုပြီး ပြန်လည်ရုပ်သိမ်းခဲ့တာပါ။
အခုအမိန့်စာကိုလည်း နောက်ထပ် ရုပ်သိမ်းတဲ့ အမိန့်စာထွက်တဲ့အထိ အတည်ဖြစ်ပါတယ်။ တိုင်းအစိုးရက အမိန့်စာတွေ ထုတ်ပြန်ထားပေမယ့် ပြည်သူတွေကြားထဲမှာ လိုက်နာမှု အားနည်းနေသလို အစိုးရတာဝန်ရှိသူတွေအနေနဲ့လည်း အမိန့်စာအပေါ်မှာ အကောင်အထည်ဖော်မှု အားနည်းချက်တွေ ရှိနေပါသေးတယ်။
လက်ရှိအချိန်ထိတော့ စစ်ကိုင်းတိုင်းအတွင်းမှာ COVID-19 အတည်ပြုလူနာ မတွေ့ရှိရသေးပါဘူး။