Homeမြန်မာသတင်း
ကိုရိုနာဗိုင်းရပ်စ် မကူးစက်စေရေး မုံရွာမြို့တွင် ၆ ပေစီအကွာ စျေးရောင်းချနိုင်ရန် စီစဉ်နေ
ကိုရိုနာဗိုင်းရပ်စ် မကူးစက်စေရေး မုံရွာမြို့တွင် ၆ ပေစီအကွာ စျေးရောင်းချနိုင်ရန် စီစဉ်နေ
Aung Ko Latt
·
April 14, 2020
စစ်ကိုင်းတိုင်း၊ မုံရွာမြို့ရှိ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံအဓိကရောင်းချတဲ့ သံလမ်းစျေးကို ပြည်ထောင်စုလမ်းမကြီးရဲ့ ဘေးဝဲယာမှာပြောင်းရွှေ့ပြီး ၆ ပေအကွာစီ ရောင်းချဖို့ မြို့နယ်စည်ပင်ကနေ စီစဉ်နေပါတယ်။
ဒါ့အပြင် ဈေးမှာ နှာခေါင်းစည်းတွေကိုလည်း အခမဲ့ပေးဝေနေပြီး ရောင်းသူ၊ ဝယ်သူအားလုံး နှာခေါင်းစည်းတပ်ကြဖို့ကိုလည်း လက်ကိုင် အသံချဲ့စက်တွေနဲ့ လိုက်လံကြေညာနေပါတယ်။
မြို့နယ်စည်ပင်ကော်မတီဥက္ကဋ္ဌ ဦးကျော်မျိုးဝင်းက "လောလောဆယ်တော့ အသိပညာပေးရင်း နေရာပြောင်းရွှေ့ရင်းပေါ့လေ။ မနေ့ကနေ စတင်ဆောင်ရွက်နေတာပေါ့။ ဒီနေ့ဆို Mask အခမဲ့ဝေတာ သုံးထောင်လောက်ရှိပြီ။ ရောင်းသူဝယ်သူအားလုံး Mask တပ်ဖို့လည်း စာကပ်မယ်။ အခုလည်း ကြေညာနေတယ်။ မလိုက်နာရင်တော့ အရေးယူတာမျိုး လုပ်ရမှာပေါ့။ တခြားတွေမှာလည်း ဘောလုံးကွင်းတို့ ဘာတို့ ရွှေ့ဖို့လည်း မလွယ်ဘူး။ ဆိုတော့ ပြည်ထောင်စုလမ်းဘေးတစ်လျှောက်မှာပဲ ၆ ပေခွာပြီး နေရာချထားပေးသွားမှာပါ။ ကျောက္ကာလမ်း မီးပွိုင့်နားကနေ ကားလေးကွင်းထိလည်း ရောက်ရင်ရောက်သွားမှာပေါ့။"လို့ ပြောပါတယ်။
မုံရွာမြို့မှာ စျေးကြီး ၈ စျေးအပြင် အခွန်လွတ်စျေးတွေလည်း ရှိနေပါသေးတယ်။ လက်ရှိမှာတော့ သင်္ကြန်ကာလဖြစ်တဲ့အတွက် စျေးကြီးအချို့ကတော့ ပိတ်ထားကြပါတယ်။
စျေးတွေကတဆင့် ကိုဗစ်-၁၉ ရောဂါကူးစက်တာမျိုး မဖြစ်အောင် တိုင်;စည်ပင်ဝန်ကြီး ဦးမြင့်ကြည် ဦးဆောင်ပြီး စျေးတွေကို လိုက်လံကြည့်ရှုစစ်ဆေးနေသလို Mask ဝေတာ၊ အပူချိန်တိုင်းတာတွေလည်း စည်ပင်ဝန်ထမ်းတွေ၊ စည်ပင်ကော်မတီဝင်တွေ၊ အရပ်ဘက်တွေနဲ့ ပူးပေါင်း လုပ်ဆောင်နေကြပါတယ်။
တခြားမြို့နယ်တွေမှာတော့ စျေးတွေကိုကွင်းပြင်ကျယ်တဲ့ နေရာတွေမှာ စနစ်တကျနေရာချကာ ရောင်းချစေပြီဖြစ်ပါတယ်။