ဘားအံတွင် အစိုးရကထောက်ပံ့သည့် စားသောက်ကုန် အခြေခံလူတန်းစားတိုင်း မရရှိ
DVB
·
April 13, 2020
ဘားအံမြို့မှာ ပုံမှန်ဝင်ငွေမရှိတဲ့ အခြေခံလူတန်းစားတွေကို အစိုးရကထောက်ပံ့တဲ့ စားသုံးကုန်တွေ ဝေငှရာမှာ စာရင်းထဲမပါတာနဲ့ ခွဲခြားဆက်ဆံမှုတွေကြောင့် ထောက်ပံ့တာတွေ မရရှိဘူးလို့ ဘားအံမြို့ပေါ် ရပ်ကွက်နေပြည်သူတွေက ပြောပါတယ်။
ကရင်ပြည်နယ်အတွင်းက အိမ်ထောင်စု ၉ သောင်းကျော်အား အစိုးရက သင်္ကြန်ရုံးပိတ်ရက်ကာလ ပုံမှန်ဝင်ငွေမရှိတဲ့ အခြေခံလူတန်စားတွေကို စားသောက်ရေး အဆင်ပြေစေဖို့ စားသုံးကုန်တွေ လိုက်လံဝေငှပေးတဲ့အစီအစဉ်ကို ဧပြီ ၁၀ ရက်နေ့ကစတင်ခဲ့တာပါ။
တာဝန်ရှိသူတွေက စာရင်းကောက်ယူရာမှာ ကျန်ရှိခဲ့တဲ့အတွက် အစိုးရကထောက်ပံ့တဲ့ စားသုံးကုန်တွေမရရှိတဲ့ အခြေခံလူတန်းစားတွေ ရှိသလို စာရင်းပြုစုရာမှာလည်း ခွဲခြားဆက်ဆံတာတွေ ရှိတယ်လို့ ဘားအံမြို့၊ အမှတ် ၉ ရပ်ကွက်နေ မခက်နှင်းဝေက ပြောပါတယ်။
“ပြောမယ်ဆို နေ့သွင်းပေးတဲ့သူလည်း ရတယ်။ ကိုယ်ထက် ချမ်းသာတဲ့သူတွေလည်း ရတယ်။ ရှိတဲ့သူတွေ ရတယ်။ ကိုယ်တွေက မရဘူး။”
ကျန်ရှိနေသူတွေနဲ့ပတ်သက်ပြီး သက်ဆိုင်ရာအုပ်ချုပ်ရေးမှူးကို ညွှန်ကြားထားသလို ရာအိမ်မှုးတွေနဲ့ ပြန်စိစစ်ပြီး မှန်ကန်တဲ့သူတွေကို ပြန်ပေးရမယ်လို့ ပြည်နယ်စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေး ဝန်ကြီး၊ ဦးသန်းနိုင်က ပြောပါတယ်။
“ဒါကတော့ သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးကို ညွှန်ကြားထားတယ်။ မှန်ကန်တယ်ဆို ကျနော်တို့ ပြန်ပေးရမှာ”လို့ ပြောပါတယ်။
ဘားအံမြို့၊ အမှတ် ၅ ရပ်ကွက်၊ ဒေါ်မိချိုအေးက “ကိုယ့်အပိုင်းတွေက ဆင်းရဲသားအပိုင်းတွေ။ တနေ့လုပ်မှ တနေ့စားရတဲ့သူတွေချည်းပဲ။ ပေးမယ်ဆိုရင်လည်း အကုန်လုံး မျှမျှတတပေးပေါ့” လို့ ပြောပါတယ်။
ကရင်ပြည်နယ်ရဲ့ မြို့နယ် ၇ မြို့နယ်အတွင်းက ရပ်ကွက်ပေါင်း ၈၁ ရပ်ကွက်၊ ကျေးရွာ အုပ်စုပေါင်း ၃၄၈ အုပ်စုအတွင်းက ပုံမှန်မဟုတ်တဲ့ အခြေခံလူတန်းစား အိမ်ထောင်စု ၉၃၀၀၀ နီးပါးကို ဆန် ၈ ပြည်၊ ဆား ၅၀ ကျပ်သား၊ ဆီ ၅၀ ကျပ်သား၊ ကြက်သွန် ၁ ပိဿာ၊ ပဲ ၁ ပိဿာ စတဲ့ အခြေခံစားသောက်ကုန် ၅ မျိုးကို ထောက်ပံ့ပေးအပ်သွားမှာပါ။
ရဲမင်းခေါင်