Home
မြန်မာသတင်း
COVID-19  အတည်ပြုလူနာသစ် ၃ ဦး ထပ်မံတွေ့ရှိ
DVB
·
April 13, 2020
စောင့်ကြည့်လူနာတွေ၊ ဆေးရုံတွေနဲ့ သက်ဆိုင်ရာနေရာတွေမှာ အသွားအလာကန့်သတ်ပြီး စောင့်ကြပ်ကြည့်ရှုမှုခံနေသူ စုစုပေါင်း ၂၇၈ ဦးရဲ့ ဓာတ်ခွဲနမူနာတွေကို အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) က စစ်ဆေးချက်အရ အတည်ပြု လူနာ ၃ ဦး ထပ်မံတွေ့ရှိခဲ့တယ်လို့ ကျန်မာရေးဌာနက ဒီနေ့မနက် ၀၀:၃၀ နာရီမှာ ထုတ်ပြန်ထားပါတယ်။  ကျန်လူနာတွေနဲ့ စောင့်ကြပ် ကြည့်ရှုမှုခံနေသူ ၂၇၅ ဦးရဲ့ ဓာတ်ခွဲအဖြေတွေအရ COVID-19 ရောဂါပိုး မရှိဘူးလို့ ဆိုပါတယ်။ ဓာတ်ခွဲအတည်ပြုလူနာသစ် (Case-39) ကတော့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ စောင့်ကြည့်လူနာအဖြစ်ကုသမှုခံယူခဲ့သူ အသက် (၈၅) နှစ်အရွယ် အမျိုးသားတဦး ဖြစ်ပါတယ်။ ဓာတ်ခွဲအတည်ပြုလူနာသစ် (Case-040) ဟာ ဗဟန်းမြို့နယ်မှာ နေထိုင်တဲ့ အသက် ၆၈ နှစ်အရွယ် အမျိုးသမီးတဦးဖြစ်ပြီး အတည်ပြုလူနာ (Case-08) နဲ့ (Case-028) တို့နဲ့ အတူနေမိသားစုဝင်တွေ ဖြစ်ပါတယ်။ ဓာတ်ခွဲအတည်ပြုလူနာ (Case-041) ကတော့ အင်းစိန်မြို့နယ်မှာ နေထိုင်တဲ့ အသက် ၃၈ နှစ်အရွယ် အမျိုးသားတဦးဖြစ်ပြီး (၆-၄-၂၀၂၀) ရက်နေ့က စတင်ပြီး ဖျားတာ၊ ချောင်းဆိုးတာ၊ ကိုယ်လက်နာကျင်ကိုက်ခဲတာ၊ နုံးချည့်တာ စတဲ့ လက္ခဏာတွေ ခံစားခဲ့ရပေမဲ့ ရောဂါလက္ခဏာ ပြင်းထန်ခြင်း မရှိတာကြောင့် ဆေးရုံကို သွားရောက်မပြသခဲ့ဘူးလို့ ဆိုပါတယ်။ အဆိုပါလူနာဟာ (Case-024)၊ (Case-034)၊ (Case-035)၊ (Case-036)၊ (Case-037) တို့နဲ့ ဘာသာရေးအခမ်းအနား အတူတက်ရောက်ခဲ့ဖူးသည့် ရာဇဝင်ရှိတယ်လို့ သိရပါတယ်။ ဧပြီ ၁၂ ရက်နေ့က ချောင်းဆိုး ဖျားနာတာကြောင့် အင်းစိန်ပြည်သူ့ဆေးရုံကြီးမှာ သွားရောက်ပြသခဲ့ပြီး ဓာတ်ခွဲနမူနာ စစ်ဆေးခဲ့တာပါ။ မြန်မာနိုင်ငံမှာ ဧပြီ ၁၃ ရက်နေ့မနက်ပိုင်းအထိ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း  ၄၁ ဦး တွေ့ရှိခဲ့ပြီး သေဆုံးသူ ၄ ဦးရှိသွားပြီ ဖြစ်ပါတယ်။  ဓာတ်ခွဲအတည်ပြုလူနာ တွေ့ရှိမှုမှာ ရန်ကုန်မြို့က အများဆုံးဖြစ်ပြီး ၂၉ ဦး၊ ချင်းပြည်နယ် ၃ ဦး၊ ရှမ်းပြည်နယ် ၂ ဦး၊ မွန်ပြည်နယ် ၁ ဦးတို့ဖြစ်ပြီး ၃၄ ဦးရဲ့ ကျန်းမာရေးအခြေအနေ တည်ငြိမ်နေပြီး ဝေဘာဂီအထူးကုဆေးရုံကြီးရှိ လူနာ ၁ ဦးကိုတော့ အထူးကြပ်မတ်ခန်းမှာ သီးခြားထားရှိ ဆေးကုသပေးနေတယ်လို့ ကျန်းမာရေးဌာနက ထုတ်ပြန်ထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024