Home
မြန်မာသတင်း
ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး နှောင့်ယှက်သူ ၅ ဦးကို အမှုဖွင့်အရေးယူဟု ပြည်ထဲရေးပြော
DVB
·
April 12, 2020
ကန့်ဘလူ၊ မြစ်သား၊ ကျိုင်းတုံနဲ့ ပဲခူးမြို့တို့မှာ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနဲ့ ရိက္ခာဝေတာကို အနှောင့်အယှက်လုပ်ခဲ့သူ ၅ ယောက်ကို အမှုဖွင့်အရေးယူထားတယ်လို့ ပြည်ထဲရေးက ထုတ်ပြန်ပါတယ်။ ဧပြီ ၁၁ ရက်နေ့ မနက်ပိုင်းက ကျိုင်းတုံမြို့နယ်၊ ဟိုနားအောက်ကျေးရွာနေ ဆယ်အိမ်မှူးက တိုင်တန်းတာကြောင့် အသက် ၅၇ နှစ်အရွယ် ဦးဝင်းအောင်ကို ကျိုင်းတုံမြို့မရဲခန်းမှာ သဘာဝဘေး အန္တရာယ်ဆိုင်ရာဥပဒေပုဒ်မ ၂၆ နဲ့ အမှုဖွင့် စစ်ဆေးခဲ့ပါတယ်။ ဖြစ်စဉ်ကတော့ မတ် ၃၀ ရက်နေ့ညပိုင်းမှာ ကျေးရွာအုပ်ချုပ်ရေးမှူးဦးအောင်မြင့်သန်းနဲ့အတူ ရွာထဲမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါ ကာကွယ်တဲ့အနေနဲ့ နေအိမ်တွေမှာ ဧည့်သည်တွေရောက်ရင် သတင်းပို့ဖို့ လှည့်လည်ပြောနေတုန်း ဦးအောင်ဝင်းက ဆဲဆိုနှောင့်ယှက်ပြီး ဓားနဲ့ လိုက်ထိုးခဲ့တယ်လို့ ဆိုပါတယ်။ ပဲခူးမြို့၊ ရုံးကြီးရပ်ကွက်မှာလည်း ဧပြီ ၁၁ ရက်နေ့ ညနေပိုင်းက ရုံးကြီးရပ်ကွက်အုပ်ချုပ်ရေးမှူးက အခြေခံလူတန်းစားတွေအတွက် နိုင်ငံတော်အစိုးရက ထောက်ပံ့ပေးတဲ့ ရိက္ခာတွေကိုပေးနေတုန်း ကျုံးရိုးကျူးကျော်ရပ်နေ အသက် ၅၅ နှစ်အရွယ် ဦးမျိုးခိုင်ဟာ အရက်မူးယစ်ရောက်လာပြီး ဆဲဆိုခဲ့သလို လူမှုကူညီရေးအသင်း အဖွဲ့ဝင်တွေကို လိုက်လံ တွန်းထုတ် နှောင့်ယှက်ခဲ့တာကြောင့် ပဲခူးမြို့မရဲစခန်းမှာ ဖမ်းဆီးပြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေပုဒ်မ ၃၀(က)နဲ့ အမှုဖွင့် စစ်ဆေးနေပါတယ်။ နောက်တခုကတော့ ကန့်ဘလူမြို့နယ်၊ ကိုးတောင်ဘို့ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ အဖွဲ့ဟာ ဧပြီ ၁၀ ရက် ညပိုင်းက ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါနဲ့ပတ်သက်ပြီး စောင့်ကြည့်သူတွေ ထားတဲ့ အ.ထ.က(ကိုးတောင်ဘို့) မှာ လုံခြုံရေးဆောင်ရွက်နေတုန်း သန်းဝင်း(ခ) သောင်းဝင်းအပါအဝင် ၂ ယောက် ရောက်လာပြီး ခွင့်ပြုချက်မရှိဘဲ ဓာတ်ပုံရိုက်တာ၊ မချေမငံပြောဆို နှောင့်ယှက်တာတွေ လုပ်ခဲ့လို့ သူတို့ကို ကန့်ဘလူမြို့မရဲစခန်းမှာ သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၆ နဲ့ အမှုဖွင့်စစ်ဆေးနေပြီး ဖမ်းမမိသေးဘူးလို့ ဆိုပါတယ်။ မြစ်သားမြို့နယ်၊ ပြည်လုံးအံ့ ကျေးရွာနေ မျိုးမင်းသန်း(ခ) တက်ခါးဟာ ဧပြီ ၁၀ ရက်နေ့ညပိုင်းက အရက်မူးယစ်ပြီး စောင့်ကြည့်ခံသူတွေထားတဲ့ အ.လ.က(ပြည်လုံးအံ့) ထဲကို ဝင်ရောက်ဖို့လုပ်နေတာကြောင့် ရာအိမ်မှူးနဲ့အဖွဲ့က တားမြစ်ပေမယ့် မချေမငံပြောဆိုပြီး ကျောင်းအတွင်း ၂ ကြိမ် ဝင်ရောက်ခဲ့သလို စောင့်ကြည့်ခံနေရသူ ဖိုးဌေးကို တွေ့ဆုံခဲ့တာကြောင့် မြစ်သားမြို့မရဲစခန်းမှာ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅ နဲ့ အမှုဖွင့်စစ်ဆေးနေတယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024