Home
မြန်မာသတင်း
Facility Quarantine ကာလကို ၁၄ ရက်အစား ၂၁ ရက် တိုးမြှင့်သတ်မှတ်   
DVB
·
April 12, 2020
ပြည်နိုင်ငံတွေက ပြန်လာသူတွေနဲ့ COVID-19 လူနာနဲ့ အနီးကပ်နေခဲ့သူတွေကို သတ်မှတ်နေရာတွေ၊ ဟိုတယ်တွေမှာ အသွားအလာကန့်သတ် Facility Quarantine ဆောင်ရွက်တာကို  ၁၄ ရက်အစား ၂၁ ရက် တိုးမြှင့်သတ်မှတ်လိုက်တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဧပြီ ၁၁ ရက်က ထုတ်ပြန်ပါတယ်။  ဒါ့အပြင် Facility Quarantine က ထွက်ပြီးနောက်  မိမိနေအိမ်တွေမှာ ဆက်လက်ပြီး သီးခြားနေထိုင်တဲ့ Home Quarantine ကာလ  ၇ ရက် စုစုပေါင်း ၂၈ ရက် နေထိုင် လိုက်နာဆောင်ရွက်သွားကြဖို့ ကျန်းမာရေးဌာနက တိုက်တွန်းပါတယ်။ လက်ရှိမြန်မာနိုင်ငံမှာ COVID-19 အတည်ပြု လူနာ ၃၁ ဦးရှိတဲ့အထဲမှာ နိုင်ငံတကာက ပြန်လည်ရောက်ရှိလာသူတွေနဲ့ သူတို့နဲ့ အနီးကပ်ထိတွေ့သူတွေမှာသာ အဓိကကူးစက်ရောဂါ ဖြစ်ပွားနေတာ တွေ့ရတယ်လို့လည်း ကျန်းမာရေးဌာန ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။  ဒါ့အပြင် တချို့အတည်ပြုလူနာတွေနဲ့ အသွားအလာ ပိတ်ပင်ကန့်သတ်ခြင်း ပြီးစီးတဲ့နောက်  ၁၄ ရက်ကျော်တဲ့အထိ လူတချို့မှာ ရောဂါပိုး ဆက်လက်တွေ့ရှိနေသေးတာ စစ်ဆေးတွေ့ရှိတယ်လို့လည်း ဆိုပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကလည်း Quarantine ၁၄ ရက်လွန်မှ ရောဂါလက္ခဏာပြသူတွေ တွေ့ရလို့ စိတ်ချရအောင် ၂၁ ရက်ထိ တိုးရမှာ ဖြစ်တဲ့အကြောင်း သူ့ရဲ့ လူမှုကွန်ရက်ဖေ့စ်ဘွတ်ခ်မှာပြောပါတယ်။ COVIDရောဂါ ကူးစက်နေသူတစ်ဦး မြန်မာနိုင်ငံမှာ ပထမဆုံး တွေ့ခဲ့တာ သုံးပတ်ရှိသွားပြီ ဆိုတော့၊ ရောဂါမပြန့်ပွားရေး၊ ကာကွယ်ရေးအတွက် ဘာတွေ လုပ်ရမယ်ဆိုတာ ပိုသိလာပါတယ်။ Quarantine ၁၄  ရက်လွန်မှ ရောဂါလက္ခဏာ ပြသူတွေတွေ့ရလို့ စိတ်ချရအောင် quarantine ကို ၂၁ ရက်ထိ တိုးရပါမယ်။ အိမ် quarantine မှာ ရှိနေသူတွေလည်း မပေါ့ဆကြဖို့ သတိပေးလိုက်ပါတယ်။ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ညွှန်ကြားချက်တွေကို အသေချာ လေ့လာလိုက်နာပါ။ COVID-19 ရောဂါရှိသူတွေက ရောဂါပိုးစွန့်ထုတ်တဲ့ကာလမှာ ရောဂါလက္ခဏာ မပြမီ ၂ ရက်မှ ရောဂါလက္ခဏာပြပြီး ၂၈ ရက် အထိရှိကြောင်းနဲ့ အဆိုပါကာလအတွင်း အခြားသူတွေကို ရောဂါကူးစက်နိုင်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ တရုတ်နိုင်ငံရဲ့ သုတေသနစာတမ်းတွေအရ Quarantine ၂၁ ရက် တိတိကျကျနဲ့ စနစ်တကျထားရှိပါက ရောဂါကူးစက်မှုအား  ၉၈ ဒသမ ၇ ရာခိုင်နှုန်း အထိ ထိန်းချုပ်နိုင်ကြောင်း လေ့လာတွေ့ရှိရတဲ့အပြင် ဒေသတွင်းနိုင်ငံတချို့မှာလည်း Quarantine ကာလ စုစုပေါင်း ၂၈ ရက်အထိ သတ်မှတ်ထားတာတွေ့ရတယ်လို့ ကျန်းမာရေးဌာနက ထုတ်ပြန်ထားပါတယ်။ ဧပြီ ၁၁ ရက်နေ့က  ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရတဲ့ လူနာကို  အနီးကပ် ဆေးကုသမှုပေးခဲ့တဲ့ အမျိုးသမီးဆရာဝန် ၁ ဦး အပါအဝင် ၃ ဦးအပြင် ဧပြီ ၁၂ ရက်နေ့က အသွားအလာကန့်သတ် စောင့်ကြည့်လူနာ ၂၃၀ ရဲ့ ဓာတ်ခွဲနမူနာစစ်ဆေးချက်များထဲက ၇ ဦးမှာ COVID-19 ရောဂါပိုးစစ်ဆေး အတည်ပြုတွေ့ရှိရပြီး မြန်မာနိုင်ငံမှာ အတည်ပြုလူနာ စုစုပေါင်း ၃၈ ဦးအထိ ရှိနေပြီ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024