မြန်မာနိုင်ငံကို ပြန်ဝင်လာမည့်သူများ ဧပြီ ၃၀ ရက်အထိ စောင့်ဆိုင်းရန် ပန်ကြား
DVB
·
April 12, 2020
ထိုင်းနယ်စပ်ကနေ မြန်မာနိုင်ငံကို ပြန်ဝင်လာမယ့်သူတွေအနေနဲ့ ဧပြီ ၃၀ ရက်အထိ စောင့်ဆိုင်းဖို့နဲ့ ပြည်ပက လေယာဉ်တွေ ဆိုက်ရောက်မှု တားမြစ်ထားတာကိုလည်း ဧပြီ ၃၀ ရက်အထိ ထပ်တိုးလိုက်တယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
“အစိုးရရဲ့ ပန်ကြားချက်အရ ပြန်ဝင်လာဖို့ စောင့်နေကြတဲ့ ထိုင်းနယ်စပ်က ကျွန်မတို့ ပြည်သူတွေကို ထိုင်းနိုင်ငံရဲ့ အရေးပေါ်အခြေအနေ ကြေညာချက်နဲ့ ကိုက်ညီအောင်၊ ဧပြီ ၃၀ ရက်နေ့အထိ စောင့်ဆိုင်းဖို့ ထပ်မံပန်ကြားထားပါတယ်”လို့ ဒေါ်အောင်ဆန်းစုကြည်က သူ့ရဲ့ လူမှုကွန်ရက်ဖေ့စ်ဘွတ်ခ်ကနေတဆင့် ပြောကြားလိုက်တာပါ။
နယ်စပ်ကနေ နောက်ထပ်ဝင်လာမယ့်သူတွေကို ထိန်းချုပ်ကန့်သတ်စောင့်ကြည့် (Quarantine) လုပ်ဖို့ အစိုးရအနေနဲ့ နေရာထိုင်ခင်းတွေ ထပ်ပြီး တိုးချဲ့စီစဉ်ဆောင်ရွက်နေဆဲမို့ ဧပြီ ၁၅ ရက် နောက်ပိုင်းမှာ ပြန်ဝင်ကြဖို့ မူလက ပန်ကြားထားတာပါ။
နိုင်ငံထဲကို COVID-19 ရောဂါကူးစက်ခံရသူတွေ လေကြောင်းကနေတဆင့် ဝင်မလာစေဖို့ ပြည်တွင်းက ဘယ်လေဆိပ်မှာမဆို နိုင်ငံတကာခရီးသည်တင်လေယာဉ်တွေ ဆိုက်ရောက်တာကို မတ် ၃၀ ရက်ကစပြီး ဧပြီ ၁၃ ရက်အထိ ယာယီဆိုင်းငံ့ထားတာ ဖြစ်ပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က “ထိုင်းဘက်မှ ကျွန်မတို့ ပြည်သူတွေစပြီး အလုံးအရင်းနဲ့ ပြန်လာတာလည်း နှစ်ပတ်ကျော်သွားပါပြီ။ အရေအတွက်က ဒီနေ့ထိဆို တစ်သိန်းခွဲကျော်ပါပြီ။ ရောဂါကူးစက်ထားသူများ နောက်အပတ်အတွင်း ပေါ်လာပါမယ်။ ဘယ်လောက်အထိ များမယ် ခန့်မှန်းလို့ မရသေးပါဘူး။ ကျွန်မတို့ အစိုးရကတော့ ပြည်သူတယောက်ချင်းကို တန်ဖိုးထားပြီး အကောင်းဆုံး စောင့်ရှောက်သွားဖို့ သန္နိဋ္ဌာန်ချထားပါတယ်။ တည်တည်ငြိမ်ငြိမ်၊ စည်းကမ်းလိုက်နာခြင်းနဲ့ ပြည်သူအားလုံး ကျွန်မတို့ကို ကူညီပေးကြပါ” လို့ ပြောပါတယ်။
ပုံမှန်ဝင်ငွေမရှိတဲ့ အခြေခံလူတန်းစား ပြည်သူတွေအတွက် ရိက္ခာဖြန့်ဖြူးရေးလုပ်ငန်း ဆောင်ရွက်ကြတာ အားရစရာဖြစ်ပေမယ့် စည်းကမ်းမလိုက်နာတာ တွေ့ရတယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
“ပြည်သူတွေ၊အစိုးရပိုင်း၊ အုပ်ချုပ်ရေးပိုင်း၊ အားလုံး ဝိုင်းဝန်းလုပ်ကိုင်ကြလို့ အားရစရာပါ။ ဒါပေမဲ့ COVID ကာကွယ်ရေးအတွက် ချမှတ်ထားတဲ့ စည်းမျဉ်းတွေအတိုင်း မလိုက်နာတဲ့ ဖြစ်ရပ်လေးတွေကြောင့်ဝေဖန်စရာ ဖြစ်ရပါတယ်။ ဒီလိုထပ်မဖြစ်ရအောင် စီမံခန့်ခွဲသူများ အထူး ဂရုစိုက်ပါ။ ဘယ်သူမျှ၊ (ဝန်ကြီးချုပ်များ အပါအဝင်၊) COVID မပြီးပါဘူး၊ ရောဂါကူးနိုင်ပါတယ်။ အားလုံး စည်းကမ်း လိုက်နာကြပါ။”
တာဝန်သိမှု တာဝန်ယူမှုနဲ့အတူ ပွင့်လင်းမြင်သာ၊ ဖြောင့်မတ်မှုရှိကြဖို့နဲ့ လက်ရှိ အခက်အခဲတွေကို ကျော်လွှားပြီး မြန်မာပြည်သူအပေါင်း နှလုံးစိတ်ဝမ်း အေးချမ်းနိုင်ကြတဲ့အချိန် အမြန်ဆုံးရောက်ဖို့လည်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောပါတယ်။