Homeမြန်မာသတင်း
မွန်ပြည်နယ်တွင် အခြေခံစားသောက်ကုန်များကို ဝင်ငွေမဲ့ပြည်သူများထံ အိမ်တိုင်ရာရောက် ပို့ပေးမည်
မွန်ပြည်နယ်တွင် အခြေခံစားသောက်ကုန်များကို ဝင်ငွေမဲ့ပြည်သူများထံ အိမ်တိုင်ရာရောက် ပို့ပေးမည်
DVB
·
April 11, 2020
မွန်ပြည်နယ်မှာ အခြေခံ စားသောက်ကုန် ၅ မျိုးအား ဝင်ငွေမဲ့ပြည်သူတွေကို အိမ်တိုင်ရာရောက် ပို့ဆောင်ပေးဖို့ ညွှန်ကြားထားတယ်လို့ မွန်ပြည်နယ် ဝန်ကြီးချုပ်က ပြောပါတယ်။
မွန်ပြည်နယ်တဝန်း သင်္ကြန်ကာလအတွင်း ပုံမှန်ဝင်ငွေ မရှိတဲ့ အခြေခံ လူတန်းစား အိမ်ထောင်စု ၄၀၀၀၀ ကျော်ကို အခြေခံစားသောက်ကုန် ၅ မျိုးကို ဧပြီ ၁၀ ရက်နေ့စကပြီး မော်လမြိုင်မြို့နယ်မှာ အရင်ဆုံး ပေးအပ်ခဲ့တာပါ။
ဒီလို ပေးအပ်ရာမှာ ဆန် ၈ ပြည်၊ ဆီ ၅၀ သား၊ ပဲ ၁ ပိဿာ အပါအဝင် အခြေခံ စားသောက်ကုန် ၅ မျိုးအတွက် တန်ဖိုး ကျပ် ၂၀၀၀၀ နီးပါးကို ထောက်ပံ့ပေးသွားမှာ ဖြစ်ပါတယ်။
အခုလို ထောက်ပံ့ပေးရာမှာ ကိုရိုနာဗိုင်းရစ် Covid 19 ရောဂါ ကာကွယ်တဲ့အနေနဲ့ ရပ်ကွက် အုပ်ချုပ်ရေးမှူးတွေနဲ့ အိမ်တိုင်ရာရောက် ပို့ဆောင်ပေးဖို့ ညွှန်ကြားတယ်လို့ မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ပြောပါတယ်။
အခုလို အခြေခံ စားသောက်ကုန်တွေ ထောက်ပံ့ပေးရာမှာ ပဲနဲ့ ကြက်သွန်နီဟာ ပြည်နယ်တဝန်းမှာ အလုံအလောက် မရှိတဲ့အတွက်ကြောင့် အညာဒေသက မှာယူထားတာ ဖြစ်ပါတယ်။
အခြေခံ စားသောက်ကုန်တွေ ထောက်ပံ့ပေးရာမှာ အိမ်ငှားနေထိုင်သူတွေနဲ့ လက်လုပ်လက်စားတွေကို ဦးစားပေး ရွေးချယ်ခဲ့တယ်လို့ ဆိုပါတယ်။
အခြေခံ စားသောက်ကုန်တွေ ထောက်ပံ့ရာမှာ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့တွေက ၅ ဦး ကော်မတီကို ဖွဲ့စည်းပြီး အမှတ်ပေး စည်းမျဉ်းတွေနဲ့ ရွေးချယ်ခဲ့တာလို့ မော်လမြိုင် စစ်ကဲကုန်းရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးတင်ထွဋ်က ပြောပါတယ်။
မွန်ပြည်နယ် တဝန်းက အခြေခံ စားသောက်ကုန် ၅ မျိုးအား အိမ်ထောင်စု ၄၀၀၀၀ ကျော်၊ လူဦရေး ၂ သိန်း နီးပါးကို ဧပြီ ၁၀ ရက်နေ့က စတင်ပေးအပ်နေတာ ဖြစ်ပါတယ်။
ဇော်လွင်ထွဋ်