Home
မြန်မာသတင်း
ဧရာဝတီတိုင်းအတွက် ဆန်အိတ် ၂၀၀၀ ဧရာဝတီဖောင်ဒေးရှင်း လှူဒါန်း
DVB
·
April 10, 2020
COVID-19ရောဂါကပ်ဘေးကာလအတွင်း စီးပွားရေးအလုပ်အကိုင် အဆင်မပြေမှုတွေကြောင့် ဧရာဝတီတိုင်းက ပြည်သူတွေ စားဝတ်နေရေးအဆင်ပြေစေဖို့အတွက်  ဧရာဝတီဖောင်ဒေးရှင်းက ဆန်အိတ်ပေါင်း ၂၀၀၀ လှူဒါန်းခဲ့ပါတယ်။ ဧပြီလ ၉ ရက်နေ့က တိုင်းအစိုးရအဖွဲ့ရုံးကို  ဧရာဝတီဖောင်ဒေးရှင်းတာဝန်ရှိသူတွေက သွားရောက်လှူဒါန်းခဲ့တာဖြစ်ပါတယ်။  ခုလက်ရှိဖြစ်ပွားနေတဲ့ COVID-19 ရောဂါကြောင့် လိုအပ်ချက် တွေကို ဖောင်ဒေးရှင်းအနေနဲ့ နည်းမျိုးစုံနဲ့ ဖြည့်ဆည်းပေးနေပြီး Quarantine Center တွေ ပြုလုပ်ပေးထားသလို တိုင်းနဲ့ ပြည်နယ်တွေကို ဆန်လှူဒါန်းတာတွေ ပြုလုပ်နေပါတယ်လို့ ဧရာဝတီတိုင်းဖောင်ဒေးရှင်းရဲ့ ဆက်သွယ်ရေးတာဝန်ခံ  ဦးအောင်မျိုးစောက ဒီဗွီဘီကို ပြောပါတယ်။ "ကျနော်တို့ တိုင်းနဲ့ ပြည်နယ်တွေ စုစုပေါင်း ဆန်အိတ် ၁၅၀၀၀ လှူတာပါ။ ဒီနေ့ဆိုရင်တော့ တိုင်းနဲ့ ပြည်နယ်များများတော်တော်စုံသွားပါပြီ။ ဧရာဝတီတိုင်းအတွက် ဆန်အိတ် ၂၀၀၀ ကို ဒီနေ့ လာလှူတာဖြစ်ပါတယ်"လို့ ပြောပါတယ်။ ဧရာဝတီတိုင်းအတွက် ဆန်အိတ် ၂၀၀၀ လှူတဲ့အထဲမှာ ရေကြည်မြို့အတွက် ဆန်အိတ် ၅၀၀ ကို ဧပြီ ၉ ရက်မနက်က ဖောင်ဒေးရှင်း တာဝန်ရှိသူတွေက သွားရောက်လှူဒါန်းခဲ့ပြီး အလှူ ရရှိထားတဲ့ ဆန်အိတ်တွေကို ဝေငှဖို့အတွက် မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ရောဂါကာကွယ် ထိန်းချုပ်ရေးအဖွဲ့တာဝန်ရှိသူတွေနဲ့ စီစဉ်နေတယ်လို့ ရေကြည်မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးညွန့်က ဒီဗွီဘီ ကိုပြောပါတယ်။ ခုထောက်ပံ့ဖို့ကောက်ခံထားတဲ့ စာရင်းတွေအပြင် နောက်ထပ်ပြီး အမှန်တကယ် လိုအပ်နေသူတွေ၊  ဆင်းရဲနွမ်းပါးတဲ့သူတွေနဲ့ အပေးသင့်ဆုံးလူတွေကို အသေးစိတ်ထပ်ပြီး စာရင်းပြုစုဖို့ ညွှန်ကြားထားတယ်လို့လည်း သိရပါတယ်။ ဧရာဝတီဖောင်ဒေးရှင်းအနေနဲ့ COVID-19 ရောဂါဖြစ်ပွားနေချိန်မှာ ပြည်သူတွေရဲ့လိုအပ်ချက် ကို အတတ်နိုင်ဆုံးဖြေရှင်းပေးနေပြီး မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှာရှိတဲ့ အခန်းတွေနဲ့ ဧရာဝတီဘဏ် သင်တန်းကျောင်းက အခန်းတွေကို Quarantine Center အဖြစ် ဖွင့်လှစ် ကူညီပေးထားပါတယ်။ ဒါပြင် ရောဂါတိုက်ဖျက်ရေးမှာ ပါဝင်ဆောင်ရွက်နေတဲ့ ကျန်းမာရေးဝန်ထမ်းတွေအတွက် စားဝတ်နေရေးနဲ့ နားနေဖို့အဆောင်တွေ ပြုလုပ်ပေးတာ၊ တိုင်းနဲ့ ပြည်နယ်တွေထဲက စားဝတ်နေရေးခက်ခဲနေတဲ့ ပြည်သူတွေအတွက် ဆန်လှူတာတွေကို ပြုလုပ်ပေးနေတယ်လို့ ဧရာဝတီဖောင်ဒေးရှင်းရဲ့ ဆက်သွယ်ရေးတာဝန်ခံက ပြောပါတယ်။ သတင်း- မင်းထက်မုန်း (ပုသိမ်)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024