Home
မြန်မာသတင်း
ရခိုင်ပြည်နယ်မြောက်ပိုင်းက သက်သေအထောက်အထားများ ဖျောက်ဖျက်ပါက အရေးယူမည်
DVB
·
April 9, 2020
ရခိုင်ပြည်နယ်မြောက်ပိုင်းက သက်သေအထောက်အထားနဲ့ ပစ္စည်းတွေကိုထိန်းသိမ်းထားဖို့နဲ့ ဖျောက်ဖျက်တယ်ဆိုရင် အရေးယူဖို့ နိုင်ငံတော်သမ္မတက ညွှန်ကြားလိုက်ပါတယ်။ ရခိုင်အရေးနဲ့ပတ်သက်ပြီး လွတ်လပ်တဲ့စုံစမ်းစစ်ဆေးရေးကော်မရှင် (ICOE)ရဲ့ အပြီးသတ် အစီရင်ခံစာအရ ပြည်ထောင်စုရှေ့နေချုပ်ရုံးနဲ့ စစ်ဥပဒေချုပ်ရုံးတို့က အစီရင်ခံစာမှာ ဖော်ပြထားတဲ့ဖြစ်စဉ်တွေကို ရာဇဝတ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးတာတွေလုပ်မှာ ဖြစ်တာကြောင့်လို့ ဆိုပါတယ်။ ကော်မရှင်ရဲ့ အပြီးသတ်အစီရင်ခံစာမှာပါတဲ့ ဖြစ်စဉ်တွေအတွက် သက်သေအထောက်အထား ဖြစ်နိုင်တဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်း ဧရိယာ တခုခုမှာပါတဲ့ ရွှေ့ပြောင်းနိုင်တဲ့ ပစ္စည်းတွေ၊ မရွှေ့ပြောင်းနိုင်တဲ့ ပစ္စည်းတွေကို မဖျက်ဆီးဖို့ တားမြစ်ပါတယ်။ လူအုပ်စုတစုရဲ့ အဖွဲ့ဝင်တွေကို သတ်တာ၊ စိတ်ပိုင်းနဲ့ ရုပ်ပိုင်းဆိုင်ရာ ပြင်းပြင်းထန်ထန် နာကျင်စေတာ၊ လူအုပ်စု တစုလုံးကို ဖြစ်ဖြစ် တစိတ်တပိုင်းကို ဖြစ်ဖြစ် ရုပ်ပိုင်းဆိုင်ရာပျက်စီးစေဖို့ အကွက်ဆင်ပြီး ဘဝရပ်တည်တဲ့ အခြေအနေကို ရည်ရွယ်ချက်ရှိရှိထိခိုက်စေတာ၊ ကလေးမွေးဖွားတာကို တားမြစ်ဖို့ ရည်ရွယ်ပြီး အစီအမံတွေ ချမှတ်ခဲ့တာ၊ လူအုပ်စုတစုထဲက ကလေးတွေကို တခြားအုပ်စုဆီကိုအဓမ္မလွှဲပြောင်းခဲ့တာတွေအတွက် သက်သေဖြစ်စေမယ့် အရာတွေကိုလည်း မဖျောက်ဖျက်ဖို့ တားမြစ်ထားပါတယ်။ ပြည်ထောင်စုဝန်ကြီးဌာနတွေ၊ ပြည်နယ်အစိုးနဲ့ သူတို့ရဲ့ လက်အောက်ခံအဖွဲ့အစည်းတွေ၊ ဌာနတွေ၊ ရုံးတွေနဲ့ ဝန်ထမ်းတွေက အဲဒါတွေနဲ့ ပတ်သက်တဲ့ သက်သေတွေကို မဖျက်ဆီးဖို့၊ ဖျက်ဆီးတာကို ခွင့်မပြုဖို့ သမ္မတက တားမြစ်လိုက်ပါတယ်။ ကျူးလွန်ဖောက်ဖျက်တဲ့ ဘယ်သူ့ကိုမဆို ဥပဒေနဲ့အညီအရေးယူဖို့အတွက်လည်း ပြည်ထောင်စုဝန်ကြီးဌာနတွေနဲ့ ပြည်နယ်အစိုးရကို ညွှန်ကြားထားပါတယ်။ အစိုးရအနေနဲ့ အပြီးသတ်အစီရင်ခံစာမှာပါတဲ့ ဖြစ်စဉ်နေရာတွေရဲ့ လက်ရှိအခြေအနေကို မှတ်တမ်းတင် စာရင်းပြုစုဖို့အတွက် မြေပြင်နဲ့ ဂြိုဟ်တုပုံတွေသုံးပြီး လုပ်ဆောင်နေသလို ရခိုင်မြောက်ပိုင်း ဖြစ်စဉ်တွေနဲ့ပတ်သက်တဲ့ စာရွက်စာတမ်း၊ အသံဖိုင်၊ ဗွီဒီယိုဖိုင်၊ ဓာတ်ပုံနဲ့ တခြားအချက်အလက်တွေကိုလည်း ပြည်ထောင်စုဝန်ကြီးဌာနတွေနဲ့ ပြည်နယ်အစိုးရက ထိန်းသိမ်းဖို့ ညွှန်ကြားထားပါတယ်။ လွတ်လပ်တဲ့စုံစမ်းစစ်ဆေးရေးကော်မရှင် (ICOE) ကို ရခိုင်ပြည်နယ်မှာဖြစ်ခဲ့တဲ့ တိုက်ခိုက်မှုတွေ အတွင်း လူ့အခွင့်အရေး ချိုးဖောက်တာတွေ ရှိတယ်ဆိုတဲ့ စွပ်စွဲချက်တွေအပေါ် စုံစမ်းဖို့ ဖိလစ်ပိုင် ဒုနိုင်ငံခြားရေးဝန်ကြီးဟောင်း ဦးဆောင်တဲ့ အဖွဲ့ဝင် ၄ ယောက်နဲ့ ၂၀၁၈ ခုနှစ်၊ သြဂုတ် ၁၅ ရက်က သမ္မတအမိန့်နဲ့ ဖွဲ့စည်းပေးခဲ့တာ ဖြစ်ပါတယ်။  အပြီးသတ်အစီရင်ခံစာကိုတော့ ဇန်နဝါရီ ၂၀ ရက်က သမ္မတဆီကို ပေးအပ်ခဲ့ပြီး တပ်မတော်နဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက နယ်မြေရှင်းလင်းရေးလုပ်ရာမှာ ရာဇဝတ်မှုတွေ၊ ဆိုးရွားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပြည်တွင်း တည်ဆဲဥပဒေတွေကို ချိုးဖောက်ခဲ့တယ်လို့ ကော်မရှင်က ကောက်ချက်ချထားပြီး အကြံပြုချက် ၂၂ ချက်ကိုလည်း ထည့်သွင်းဖော်ပြထားတာပါ။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024