COVID - 19 အတည်ပြုလူနာ အမှတ် (၁၆) သေဆုံး
DVB
·
April 8, 2020
COVID-19 အတည်ပြုလူနာ အမှတ် (၁၆) ဖြစ်တဲ့ အသက် ၆၃ နှစ်အရွယ် အမျိုးသမီး တဦးဟာ ဒီကနေ့မနက်က သေဆုံးသွားတယ်လို့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသွားပါတယ်။
ဒီကနေ့ မနက်ပိုင်း ၁၀ နာရီက ကိုဗစ် ကာကွယ်ထိန်းချုပ်၊ ကုသရေး လုပ်ငန်းတွေမှာ ပါဝင် လုပ်ဆောင်နေတဲ့ မကွေးတိုင်းက ပြည်သူတွေနဲ့ အပြန်အလှန် ဆွေးနွေးတဲ့ တိုက်ရိုက် ထုတ်လွှင့်မှုအတွင်းမှာ ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်း ပြောဆိုသွားတာပါ။
လူနာ အမှတ် (၁၆)ဟာ နဂိုက ဆီးချိုနဲ့ သွေးတိုးရောဂါ အခံရှိတယ်လို့ ဆိုပါတယ်။ တယောက်ဆုံးပါးသွားခြင်းဟာ နိုင်ငံအတွက် ဆုံးပါးခြင်းဖြစ်ပြီး နောက်ထပ် မဆုံးအောင် အတတ်နိုင်ဆုံး ဝိုင်းကူညီကြဖို့နဲ့ အစိုးရိမ် မလွန်ဖို့ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုသွားပါတယ်။
လူနာအမှတ် ၁၆ ဟာ ဒီကနေ့ ဧပြီ ၈ ရက် မနက် ၁၀နာရီ ၅ မိနစ်က ဝေဘာဂီဆေးရုံ အထူးကြပ်မတ်ကုသဆောင်မှာ သေဆုံးသွားတာဖြစ်တယ်လို့ ဗဟို ကူးစက်ရောဂါတိုက်ဖျက်ရေးက ဒုတိယ ညွှန်ကြားရေးမှူး ဒေါက်တာ ခင်ခင်ကြီးကလည်း သူ့ရဲ့လူမှုကွန်ရက်မှာရေးပါတယ်။
အခု သေဆုံးသွားတဲ့ လူနာ အမှတ် ၁၆ ဟာ ဧရာဝတီတိုင်းဒေသကြီး ရေကြည်မြို့နယ်က ဖြစ်ပြီး ဒူဘိုင်းကနေ ပြန်လာတဲ့ သားဖြစ်သူကို ရန်ကုန် လေဆိပ်မှာ ကြိုဆိုခဲ့ပြီးနောက် မြောက်ဥက္ကလာပမှာ နေထိုင်တာ ဖြစ်ပါတယ်။
ကျန်းမာရေးဌာနရဲ့ တရား ဝင်ထုတ်ပြန်ချက်တွေအရ လူနာ အမှတ် ၁၅ နဲ့ အနီးကပ်ထိတွေ့ခဲ့သူ ဆေးရုံဝန်ထမ်း ၁၇ ယောက် အပါအဝင် ထိတွေခဲ့သူ စုစုပေါင်း (၆၃)ဦး ရှိပါတယ်။
ဒီကနေ့ မနက်အစောပိုင်းကပဲ ပေါက်ခေါင်းမြို့နယ်က အတည်ပြုလူနာ နံပါတ် (၁၇) သေဆုံးခဲ့တာကြောင့် လက်ရှိ မြန်မာနိုင်ငံမှာ အတည်ပြုလူနာ ၂၂ ဦးထဲက သေဆုံးသူ ၃ ဦး ရှိသွားပြီ ဖြစ်ပါတယ်။