ဖောင်ကြီးယာယီဆေးရုံအတွက် တပ်မတော်က ဆေးဝန်ထမ်း ၄၀ ပါ အဖွဲ့ ၂ ဖွဲ့စေလွှတ်မည်
DVB
·
April 7, 2020
ရန်ကုန်တိုင်းအတွင်း COVID- 19 ရောဂါ ထိန်းချုပ်နိုင်ရေးအတွက် ယာယီဖွင့်လှစ်မယ့် ဆေးရုံမှာတာဝန်ထမ်းဆောင်ဖို့ ဆေးပညာရှင်အဖွဲ့ ကို တပ်မတော်က စေလွှတ်ဖို့ ရှိနေပါတယ်။
ယာယီဆေးရုံအတွက် ဆေးရုံကြီးကြပ်ရေးကော်မတီမှာ ပါရဂူ ဆရာဝန်ဗိုလ်မှူးကြီး တဦး၊ ဆေးရုံအုပ်ချုပ်သူကော်မတီ စီမံခန့်ခွဲမှုမှာ ပါရဂူ ဒုတိယဗိုလ်မှူးကြီး အဆင့်ရှိသူ တဦး၊ ဆေးရုံအုပ်ချုပ်သူကော်မတီမှာ ပါရဂူ ဒုတိယဗိုလ်မှူးကြီးအဆင့်ရှိသူ တဦးနဲ့ ကုသရေးအတွက် တပ်မတော်အရာရှိ အယောက် ၄၀ ကို အဖွဲ့ ၂ ဖွဲ့ခွဲပြီး တပ်မတော်က စေလွှတ်သွားမယ်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောပါတယ်။
အဖွဲ့တဖွဲ့မှာ ပါရဂူ ၁၂ ယောက်၊ ဆေးမှူး ၁၀ ယောက်၊ အထက်တန်းသူနာပြု ၁၄ ယောက် ဓါတ်ခွဲကျွမ်းကျင် ၂ ယောက်နဲ့ ဓါတ်မှန်ကျွမ်းကျင် ၂ ယောက်စီပါဝင်မှာဖြစ်တယ်လို့လည်း ပြောပါတယ်။
ရန်ကုန်တိုင်းအတွင်း COVID- 19 ရောဂါ ထိန်းချုပ်ရေးနဲ့ ထိရောက်စွာ ကုသနိုင်ဖို့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနရဲ့လမ်းညွှန်မှုနဲ့ လှည်းကူးမြို့နယ် ဖောင်ကြီး ဗဟိုဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်)မှာ ယာယီဆေးရုံ အမြန်ဖွင့်လှစ်နိုင်ဖို့ ရန်ကုန်တိုင်းအစိုးရက ကြိုးစားနေတာပါ။
ယာယီဖွင့်လှစ်မယ့်ဆေးရုံမှာ ဆေးဘက်ဆိုင်ရာဝန်ထမ်း ၂၀၀ ကျော်လိုအပ်နေတဲ့အတွက် ရန်ကုန်တိုင်းစစ်ဌာနချုပ်က ပူးပေါင်းပါဝင်ဆောင်ရွက်ပေးဖို့နဲ့ လိုအပ်တဲ့ဆေးဝန်ထမ်းတွေ ပေးပို့ပေးစေလိုကြောင်း ရန်ကုန်တိုင်းအစိုးရအဖွဲ့က တောင်းခံထားတာပါ။
ယာယီဆေးရုံမှာ COVID-19 ရောဂါအတည်ပြုလူနာတွေထားရှိကုသသွားမှာဖြစ်ပြီး ကနဦးအနေနဲ့ လူနာ ၂၀၀ အထိ ဆေးရုံတင် ထိန်းချုပ်ကုသနိုင်ဖို့ ရည်ရွယ်ထားပါတယ်။
ဓာတ်ပုံ- Cincds