စစ်ကိုင်းတိုင်းအတွင်း COVID-19 နှင့်ပတ်သက်၍ အရေးယူထားသည့်အမှု ၉ မှုရှိ
Aung Ko Latt
·
April 7, 2020
စစ်ကိုင်းတိုင်းမှာ ကိုရိုနာဗိုင်းရပ်စ် ကာကွယ် ထိန်းချုပ်ရေးကာလအတွင်း ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေ၊ ကူးစက်ရောဂါ ကာကွယ် နိမ်နင်းရေးဥပဒေအပြင် လဝက ဥပဒေတွေနဲ့ပါ အရေးယူထားတာ ပြီးခဲ့တဲ့ ၁၀ ရက်အတွင်း ၉ မှု ရှိပြီဖြစ်ပါတယ်။
အခုလို အရေးယူဆောင်ရွက်နေတာက ပုဂ္ဂလိက ခံစားချက်တွေနဲ့မဟုတ်ဘဲ နိုင်ငံအတွက်၊ လုပ်နေရတာလို့ စစ်ကိုင်းတိုင်းအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာ ဇော်ဝင်းကဒီဗွီဘီကို ပြောပါတယ်။
"ဒီလိုအရေးယူမယ်ဆိုတာကိုလည်း ကြိုတင်ကြေညာထားပါတယ်။ တချို့ကလည်း အလှူ လုပ်တာပဲ။ မင်္ဂလာပွဲလုပ်တာပဲ ရောဂါမကူးနိုင်ဘူးလို့ ထင်ကြတယ်။ လူစုလူဝေး လုပ်လို့ရှိရင် အများကြီးကူးစက်နိုင်ပါတယ်။ အဲဒါကြောင့် တိုင်းပြည်အတွက်၊ သူတို့အတွက် အရေးယူ နေရတာဖြစ်ပါတယ်။ အရေးမယူရင်လည်း ဒီထက်ဆိုးမှာပါ။ သူတို့ကိုတော့ မုန်းခြင်း၊ ချစ်ခြင်းမပါပါဘူး။ အားလုံးကောင်းစားအောင် လုပ်ဆောင်ရခြင်းဖြစ်ပါတယ်။"
အရေးယူရာမှာလည်း အမြင့်ဆုံးပြစ်ဒဏ်တွေနဲ့ ချမှတ်ခြင်းမရှိပဲ လက်ရှိ အရေးယူထားသူတွေထဲမှာ ငွေဒဏ် ကျပ် ၁၀ သိန်း သို့မဟုတ် ထောင်ဒဏ် ၆ လ၊ ၁ နှစ် စသဖြင့် အသီးသီး ချမှတ်ထားတာပါ။
လတ်တလောအနေနဲ့ တမူး၊ ပုလဲ၊ ယင်းမာပင်၊ ဝက်လက်၊ အရာတော်၊ ရေဦး၊ ခင်ဦး တို့က နေရပ်ပြန်တချို့အပါအဝင် ကိုဗစ်ကာကွယ်တားဆီးထိန်းချုပ်ရေးမှာ လုပ်ငန်းနှောင့်ယှက်သူတွေကို သက်ဆိုင်ရာ ထွေအုပ်တွေက တဆင့် တရားစွဲဆိုနေကြတာပါ။ တချို့ စောင့်ကြည့်ခံရတဲ့အထဲမှာ မပါဝင်သူတွေကိုတော့ ခံဝန်ကတိတွေနဲ့ လက်မှတ်ရေးထိုးစေပြီး ပြန်လွှတ်ပေးတာတွေလည်း ရှိနေပါတယ်။
ဒါ့အပြင် ရပ်ကွက်ကျေးရွာတွေမှာ ကိုယ့်စိတ်ကူးနဲ့ကိုယ် quarantine လုပ်နေကြတာကို တပြေးညီဖြစ်အောင် ညွှန်ကြားထားတယ်လို့လည်း စစ်ကိုင်းတိုင်းလူမှုရေးဝန်ကြီး ဒေါက်တာ ဇော်ဝင်းက ပြောပါတယ်။
"အဓိကကတော့ quarantine မှာ တစ်ကျောင်းတစ်ဂါထာ တစ်ရွာတစ်ပုဒ်ဆန်း လုပ်နေကြပါတယ်။ အဲဒါလေးတွေလည်း ကျနော်ရောက်တဲ့ မြို့နယ်တွေမှာတော့ ဖြေရှင်းပေးခဲ့ ပါတယ်။ တချို့ကလည်း ရန်ကုန်ပြန်၊ မန္တလေးပြန်တွေကော သူတို့စိတ်ကူးနဲ့ သူတို့ ရွာထဲမဝင်ရဘူး တို့ ဘာတို့ပေါ့။ အဲဒါတွေကို တညီတညွတ်ထဲဖြစ်အောင် အမိန့်စာထုတ်ပြီး ညွှန်ကြားသွားဖို့ ရှိပါတယ်။ အကြောက်မလွန်ဖို့ မကြောက်ဘဲလည်း မနေဖို့ ကျန်းမာရေးဝန်ကြီးဌာနက ညွှန်ကြား ထားတဲ့အတိုင်း ဆောင်ရန်ရှောင်ရန်တွေကို လိုက်နာမယ်ဆိုရင် ပြည်သူ့အင်အားနဲ့ ကောင်းကောင်း ထိန်းချုပ်နိုင်မှာပါ။"
လက်ရှိမှာတော့ တိုင်းအတွင်း အရေးပေါ်အခြေအနေတွေဖြစ်ပေါ်လာရင် ချက်ချင်း တုံ့ပြန်နိုင်ဖို့ ဆေးရုံသုံး ဆေးနဲ့ ကာကွယ်ရေးပစ္စည်းတွေအပြင် ငွေကြေးတွေကိုလည်း မြို့နယ်၊ ခရိုင်အလိုက် ခွဲဝေထောက်ပံ့ပေးထားပါတယ်။
စစ်ကိုင်းတိုင်းအတွင်း ခရီးသွားလာခွင့်တွေကိုလည်း ပိတ်ပင်ထားပြီး စားဝတ်နေရေး အခက်အခဲ ဖြစ်နိုင်တဲ့ လက်လုပ်လက်စားတွေကိုလည်း ကူညီထောက်ပံ့ပေးနိုင်အောင် စီစဉ်နေပါတယ်။