ဂွမြို့ ခမရ ၅၆၂ တပ်ရင်းကို အေအေ ပစ်ခတ်
DVB
·
April 4, 2020
ရခိုင်ပြည်နယ် ဂွမြို့မှာရှိတဲ့ ခမရ ၅၆၂ တပ်ရင်းကို ဧပြီ ၃ ရက်နေ့ည ၇ နာရီလောက်မှာ အေအေဘက်က လာရောက်ပစ်ခတ်တာကြောင့် ၁၀ မိနစ်ဝန်းကျင်လောက် အပြန်အလှန် ပစ်ခတ်မှုတွေ ရှိခဲ့တယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဒီဗွီဘီကို ပြောပါတယ်။
တပ်မတော်နဲ့ ရခိုင့်တပ်တော်အေအေတို့ကြားမှာ ၂၀၁၈ ခုနှစ်ကတည်းက ဖြစ်လာတဲ့ တိုက်ပွဲတွေအတွင်း ရခိုင်ပြည်နယ်တောင်ပိုင်းမှာ ပထမဆုံးအကြိမ် ပစ်ခတ်မှုတွေ ရှိလာတာပါ။
တပ်မတော်ဘက်က ထိခိုက်ကျဆုံးတာ မရှိခဲ့သလို အအောက်အအုံတွေလည်း ထိခိုက်ခဲ့တာမရှိဘဲ အပြန်အလှန် ပစ်ခတ်မှု ဖြစ်ခဲ့ပြီးနောက် အေအေအဖွဲ့ကတော့ ပြန်ဆုတ်သွားတယ်လို့ ဆိုပါတယ်။
“ပထမဦးဆုံး ပစ်ခတ်မှုပေမယ့် အရင်တုန်းက ကျောက်ဖြူ၊ တောင်ကုတ်ဘက်တွေမှာ မိုင်းထောင်၊ မိုင်းဆွဲ အမြဲတမ်းလုပ်နေတာပဲ။ သူတို့ရဲ့ အမာခံတွေကတော့ အဲဒီထဲမှာ စိမ့်ဝင်နေတာ ရှိပါလိမ့်မယ်။ အဲဒီအမာခံတွေနဲ့ လာပစ်ခတ်တဲ့သဘောပါပဲ။ သူတို့လိုချင်တာကလည်း ရှေ့လာပြီး ပစ်နိုင်တယ်ဆိုတဲ့ သဘောမျိုးပဲ ဖြစ်ပါလိမ့်မယ်။ ဂွဘက်ဆိုတော့ ကုန်းလမ်းက လာစရာ မလိုဘူး။ ရေလမ်းကလည်း သွားလို့ရတယ်။ လက်နက်ငယ် နှစ်လက်၊ သုံးလက်ကလည်း သိပ်ကိစ္စမဟုတ်ဘူး။ နှောင့်ယှက်ပစ်ခတ်တဲ့သဘောမျိုးပဲ ဖြစ်ပါတယ်။”
တိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့တဲ့ မီးဝတိုက်ပွဲပြီးကတည်းက ပလက်ဝဘက်မှာ တိုက်ပွဲ ကြီးကြီးမားမား မရှိတော့ပေမယ့် နေ့စဉ်နဲ့အမျှ ထိတွေ့မှုတွေတော့ ရှိနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။
မှတ်ချက်။ (အထက်ပါသတင်းနှင့်ပတ်သက်ပြီး မူလက သတင်းလင့်ခ်မှားယွင်းသွားသဖြင့် တောင်းပန်အပ်ပါသည်။)