Home
မြန်မာသတင်း
ငရုတ်ကောင်းမြို့တွင် တရားမဝင် ဘင်္ဂါလီ ၃၈ ဦး ဖမ်းမိ
DVB
·
April 3, 2020
ဧရာဝတီတိုင်း၊ ငပုတောမြို့နယ်၊ ငရုတ်ကောင်းမြို့မှာ ဧပြီလ ၃ ရက်နေ့ မနက် ၃ နာရီ ဝန်းကျင်လောက်က တရားမဝင် ဝင်ရောက်လာတဲ့ ဘင်္ဂါလီ ၃၈ ဦးကို တပ်မတော် (ရေ)ကဖမ်းမိ ခဲ့တယ်လို့ သိရပါတယ်။ ငရုတ်ကောင်းမြို့ ကမ်းခြေမှာ တပ်မတော်(ရေ)က တရားအဝင် ဘင်္ဂါလီတွေကို ဖမ်းမိခဲ့တာ ဖြစ်ပြီး ပြည်ထောင်စုအဆင့်ကို တင်ပြထားတယ်လို့ တိုင်းအစိုးရအဖွဲ့က လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဒေါက်တာ စိုးဝင်းက မီဒီယာတွေကို မတ်လ ၃ ရက်နေ့က အတည်ပြုပြောဆိုပါတယ်။ "ခုတော့ ရေထဲမှာပဲရှိသေးတယ်၊ ဘယ်ကနေ ဝင်လာတယ်ဆိုတာ သေချာစိစစ်ရဦးမယ်၊ ဘင်္ဂလာဒေ့ရှ်ဘက်ကဆိုရင်တော့ ပိုသတိထားရမယ်၊ ရောဂါရှိတဲ့သူတွေ ပါ မပါဆိုတာ မသိ သေးတော့ ကမ်းကို မကပ်ခိုင်းသေးဘဲ ပြည်ထောင်စုကို တင်ပြထားတာ"လို့ ပြောပါတယ်။ ဘင်္ဂါလီတွေထဲမှာ အသက် မပြည့်သေးတဲ့သူ ၂၂ ဦးပါဝင်ပြီး စုစုပေါင်း ၃၆ ဦးကို တပ်မတော်(ရေ) စစ်သင်္ဘောကဖမ်းမိခဲ့တာဖြစ်ပြီး လက်ရှိအချိန်ထိ စစ်ရေယာဉ်မှာ ထိန်းသိမ်းစောင့်ရှောက်ထားတယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၂ ရက်နေ့ကလည်း ရွှေသောင်ယံမြို့မှာ တရားမဝင် ဝင်ရောက်လာတဲ့ ဘင်္ဂါလီ ၄၈ ဦးနဲ့အတူ ခေါ်ဆောင်လာတဲ့ ရခိုင်လူမျိုး ၅ ဦးကို တပ်မတော်(ရေ)က ဖမ်းမိခဲ့တယ်လို့ တိုင်းရဲတပ်ဖွဲ့မှူးရဲ့ မှတ်တမ်းတွေအရ သိရပါတယ်။ ဧရာဝတီတိုင်းအတွင်းက သာပေါင်း၊ ပုသိမ်၊ ရွှေသောင်ယံ၊ ချောင်းသာ၊ ငွေဆောင်၊ ငပုတော၊ မော်တင်နဲ့ ငရုတ်ကောင်း စတဲ့ မြို့နယ်တွေနဲ့ မြို့တွေဟာ ရခိုင်ကမ်းရိုးတမ်းနဲ့ နယ်မြေဒေသ ထိစပ်မှုတွေရှိနေတာကြောင့် ဒုက္ခသည်စခန်းက ထွက်ပြေးလာတဲ့ ဘင်္ဂါလီတွေနဲ့ တဖက်နိုင်ငံက ဝင်ရောက်လာတဲ့ ဘင်္ဂါလီတွေကို မကြာခဏ ဖမ်းမိနေတာပါ။ မင်းထက်မုန်း (ပုသိမ်)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024