VOM အယ်ဒီတာချုပ် ဦးနေလင်းကို ဖမ်းဆီးတရားမစွဲသင့်ဟု သတင်းမီဒီယာကောင်စီပြော
ညီငယ်
·
March 31, 2020
Voice Of Myanmar (VOM) သတင်းဌာနရဲ့အယ်ဒီတာချုပ်နဲ့ CEO ဦးနေလင်း (ခေါ်) ဦးနေမျိုးလင်းကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ ဖမ်းဆီးအမှုဖွင့်လိုက်တာဟာ မသင့်လျော်တဲ့ အကြောင်း မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီက သဘောထား ထုတ်ပြန်ပါတယ်။
လက်ရှိကပ်ရောဂါဖြစ်ပွားနေချိန်မှာ သတင်းတု သတင်းမှားတွေကို တရားဝင် သတင်းဌာနတွေနဲ့အတူ ပူးပေါင်းတိုက်ဖျက်ရမယ့်အစား သက်ဆိုင်ရာဌာနက အခုလို လုပ်ဆောင်တာဟာ မသင့်လျော်သလို ဒီမိုကရေစီအသွင်ကူးပြောင်းတဲ့ ကာလမျိုးနဲ့ မဆီ လျော်မအပ်စပ်တဲ့ လုပ်ရပ်ဖြစ်တယ်လို့လည်းမြန်မာနိုင်ငံသတင်းမီဒီယာ ကောင်စီက ထုတ်ပြန်ပါတယ်။
ဦးနေမျိုးလင်းကို မနေ့ည ၉ နာရီခွဲလောက်က စီအိုင်ဒီ မှုခင်းရဲတပ်ဖွဲ့ကလို့ ဆိုသူတွေကက ားနဲ့လာရောက် ခေါ်ဆောင်သွားခဲ့ကြောင်း၊ ဒါနဲ့ပတ်သက်လို့ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီအနေနဲ့ သက်ဆိုင်ရာဌာနတွေနဲ့ စေ့စပ်ညှိနှိုင်းဖြေရှင်း ဆောင်ရွက်ပေးဖို့ မေတ္တာရပ်ခံပန်ကြားကြောင်းနဲ့ ဦးနေမျိုးလင်းရဲ့ ဇနီးဖြစ်သူက မြန်မာနိုင်ငံသတင်းမီဒီယာ ကောင်စီဆီထံ စာရေးသားပေးပို့ခဲ့ပါတယ်။
မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီအနေနဲ့ မဏ္ဍိုင် (၄)ရပ် တွေ့ဆုံပွဲတွေ၊ တပ်မတော်နဲ့ အလုပ်ရုံဆွေးနွေးပွဲတွေမှာ သတင်းသမားတွေအပေါ် ကျေနပ်မှုမရှိရင် သတင်းမီဒီယာဥပဒေအရ သတင်းမီဒီယာကောင်စီကိုဦးစွာတိုင်ကြားဖို့ အစဉ်အမြဲ တိုက်တွန်းပြောဆိုနေကြောင်း၊ အခုကိစ္စနဲ့ ပတ်သက်ပြီး ဥပဒေနဲ့အညီ ဆောင်ရွက်သင့်တဲ့ကိစ္စရပ်တွေကို ဆက်လက်လုပ်ဆောင်နေကြောင်း လည်း ကောင်စီကထုတ်ပြန်ထားပါတယ်။
ဦးနေလင်း (ခေါ်) ဦးနေမျိုးလင်းကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ(၅၀)က၊ (၅၂)က တို့နဲ့ မန္တလေးတိုင်း မှုခင်းရဲတပ်ဖွဲ့က အမှုဖွင့်ခဲ့ပြီး အမှတ်(၁၀) ရဲစခန်းမှာထားရှိကြောင်း၊ ဧပြီ ၉ ရက်နေ့မှာ ချမ်းမြသာစည်တရားရုံးတွင် ရုံးချိန်းရှိကြောင်း သိရပါတယ်။