မွန်ပြည်နယ်တွင် COVID-19 စောင့်ကြည့်လူနာ ကိုယ်ဝန်ဆောင်အမျိုးသမီး ရုတ်တရက် သေဆုံး
DVB
·
March 29, 2020
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်မှာ ကိုရိုနာဗိုင်းရပ်စ် COVID-19 စောင့်ကြည့်လူနာ ကိုယ်ဝန်ဆောင် အမျိုးသမီးတဦး ရုတ်တရက် သေဆုံးသွားတယ်လို့ ကျိုက်ထိုမြို့နယ် ဆေးရုံအုပ် ဒေါက်တာစောကလျာက ဒီဗွီဘီကို အတည်ပြုပြောဆိုပါတယ်။
ကိုယ်ဝန် ၄ လရှိပြီးဖြစ်တဲ့ ဒီအမျိုးသမီးဟာ ထိုင်းနိုင်ငံကနေ မတ်လ ၁၉ ရက်နေ့မှာ မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိလာခဲ့တာဖြစ်ပြီး နေအိမ်မှာ Home Quarantine ခံယူနေတာပါ။
Home Quarantine ခံယူနေစဉ် သူ့အမျိုးသားကို ရဟန်းခံတာလုပ်တွေ လုပ်ဆောင်ခဲ့ပြီး မတ်လ ၂၈ ရက်နေ့မှာတော့ သေဆုံးသူ အမျိုးသမီးဟာ ဖျားတာနဲ့ ချောင်းဆိုးတာတွေ ဖြစ်ပေါ်ခဲ့တာပါ။
အဲဒီနောက် အမျိုးသမီးဟာ နေ့လယ်ပိုင်းလောက်မှာ အဖျားကျသွားလို့ ခေါင်းလျှော်တာတွေ ပြုလုပ်ခဲ့ပြီး မတ်လ ၂၈ ရက်နေ့ ည ၁၀ နာရီမှာတော့ ရုတ်တရက် အပူချိန်တွေ မြင့်တက်ပြီး သတိလစ်သွားခဲ့တာပါ။
သတိလစ်ပြီးနောက် ကျိုက်ထိုဆေးရုံမှာ တက်ရောက်ကုသစဉ် မတ် ၂၉ ရက်နေ့ မနက် ၄ နာရီမှာ သေဆုံးသွားခဲ့တယ်လို့ ဒေါက်တာစောကလျာက ပြောပါတယ်။
အခုအခါ သေဆုံးသူ အမျိုးသမီးရဲ့ စစ်ဆေးချက်တွေကို အမျိုးသားဓာတ်ခွဲခန်းဌာနကို ပို့ဆောင်ထားတယ်လို့ ဆိုပါတယ်။