အင်းစိန်က Covid-19 စောင့်ကြည့်လူနာ ကျောက်ဖြူမြို့နယ်ထဲကို တိမ်းရှောင်
DVB
·
March 29, 2020
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသူနဲ့ ထိတွေ့ဆက်ဆံခဲ့တဲ့ အင်းစိန်မြို့နယ်က စောင့်ကြည်လူနာဟာ ဇာတိ ကျောက်ဖြူမြို့နယ် စနဲကျေးရွာကို မိသားစုလိုက် တိမ်းရှောင်လာတာကြောင့် ဒေသခံတွေက စိုးရိမ်တဲ့အတွက် စနဲဆေးရုံမှာထားရှိပြီး စစ်ဆေး လုပ်ဆောင်သွားမယ်လို့ ကျောက်ဖြူမြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိုးမိုးကျော်က ပြောပါတယ်။
“သူ့ကို နေအိမ်မှာ စောင့်ကြည့်လူနာအနေနဲ့ ထားတာကိုမနေဘဲနဲ့ မိန်းမနဲ့ ကလေးကိုခေါ်ပြီးတော့ ရန်ကုန်ကနေ ကားငှားပြီးတော့ သူရဲ့ဇာတိကို ပြန်လာကြတာပေါ့၊ သူတို့က မတ် ၂၆ ရက်နေ့ ည ၈ နာရီလောက်ကို ရောက်လာကြတယ်။ အခုတော့ သူ့ကို သံသယလူနာအဖြစ်နဲ့ စနဲမြို့ဆေးရုံမှာပဲ သီးသန့်စောင့်ကြည့်ထားတယ်။”
ကျောက်ဖြူခရိုင် ပြည်သူ့ဆေးရုံကြီးမှ တာဝန်ရှိသူတဦးက “လောလောဆယ်တော့ စနဲဆေးရုံမှာပဲ စောင့်ကြည့်ထားပါတယ်၊ မနက်ဖြန်ကျရင်တော့ သူရဲ့ နှာခေါင်းတို့ဘတ်နဲ့ အာခေါင်တို့ဘတ် နမူနာကို ရန်ကုန်ကိုပို့ဖြစ်မှာပါ။ လက်ရှိတော့ စနဲဆေးရုံမှာ စီစဉ်ထားပါတယ” လို့ ပြောပါတယ်။
အဆိုပါအမျိုးသားဟာ ပြီးခဲ့တဲ့ မတ် ၂၅ ရက်နေ့မှာ ကျန်းမာရေးဌာနက ကိုရိုနာဗိုင်းရပ်စ် အတည်ပြုလူနာအဖြစ် အင်္ဂလန်နိုင်ငံမှ ပြန်လာသူ ထိတွေ့မှုရှိခဲ့တယ်လို့ သိရပါတယ်။