Home
မြန်မာသတင်း
ရန်ကုန်-ချောက် အမြန်ယာဉ်ပေါ်တွင် ဖျားနာသူနှစ်ဦး ပါလာသဖြင့် ကျန်းမာရေးစစ်ဆေး
DVB
·
March 29, 2020
မကွေးတိုင်း၊ ချောက်မြို့မှာ မတ်လ ၂၈ ရက်နေ့ ညနေ ၆ လောက်က ရန်ကုန်-ချောက် ခရီးသည်တင်ယာဉ်တစီးပေါ် ဖျားနာသူ အမျိုးသား နှစ်ဦး လိုက်ပါလာကြောင်းသတင်းအရ  ကျန်းမာရေးဦးစီးဌာနက ကျန်းမာရေးစစ်ဆေးမှု ပြုလုပ်ခဲ့တယ်လို့ ချောက်မြို့ ကျန်းမာရေးနှင့် ကုသရေးဦးစီးမှူး မြို့နယ်ဆရာကြီး ဒေါက်တာမျိုးသက်ဦးက ပြောပါတယ်။ "အဖျားက ၁၀၀ မကျော်ပါဘူး။ သူတို့ရဲ့ နေရပ်လိပ်စာတောင်းပြီး ပြန်လွှတ်လိုက်တယ်၊ ကျောက်ပန်းတောင်းမြို့က။ ဖျားလို့ဆိုပြီး မြို့နယ်အထွေထွေအုပ်ရေးမှူးဆီ လှမ်းပြောတာ။ ဥက္ကဋ္ဌကတဆင့် အဆက်အသွယ် သတင်းရတာပါ။" မြသရဖူ မှန်လုံအမြန် ယာဉ်ပေါ် ဖျားနာနေတဲ့ အမျိုးသားနှစ်ဦးက ကိုယ်အပူချိန် ၁၀၀ ဒီဂရီ ဖာရင်ဟိုက် ကျော်လွန်ခြင်း မရှိကြောင်း၊ ချောင်းဆိုး၊ နှာဆေး၊ အသက်ရှူလမ်းကြောင်း အသက်ရှူကြပ်ခြင်း စတဲ့ သံသယလက္ခဏာတွေလည်း မရှိတဲ့အပြင် ပြည်ပနိုင်ငံတွေက ပြန်လာသူတွေမဟုတ်ဘဲ ချောက်မြို့နဲ့ ဆိပ်ဖြူမြို့နယ်တို့မှာ နေထိုင်သူတွေလို့ ဆိုပါတယ်။ အဆိုပါ ဖျားနာသူ ၂ ဦးအပြင် ယာဉ်ပေါ်လာသူ ၄၄ ဦးနဲ့ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်တို့ကိုလည်း  မြို့နယ်တာဝန်ရှိသူတွေနဲ့ ကျန်းမာရေးဌာနက အပူချိန်တိုင်းတာနဲ့ မှတ်တမ်းယူတာတွေ လုပ်ခဲ့တယ်လို့ သိရပါတယ်။ အဝေးပြေ မော်တော်ယာဥ်လိုင်းများအနေနဲ့ ယာဉ်မထွက်မီနဲ့ဆိုက်ရောက်ပြီး ချိန်တွေမှာ ဆေးဖျန်းတာတွေ လုပ်နေသလို ယာဉ်ပေါ်ပါ ခရီးသည်တွေကို ယာဉ်ပေါ်မတက်မီနဲ့ ထမင်းစားနားချိန်တွေမှာ လက်ဆေးခိုင်းတာတွေ ဆောင်ရွက်ခိုင်းနေတယ်လို့ မြသရဖူ ယာဉ်လိုင်း ဂိတ်ပိုင် ဦးသိန်းလွင်က ပြောပါတယ်။ မြန်မာနိုင်ငံမှာ COVID 19 အတည်ပြုလူနာ ၈ ဦးအထိ ရှိလာပြီးနောက် ချောက်မြို့နဲ့ ဆိပ်ဖြူမြို့တို့မှာ နိုင်ငံခြားက ပြန်လာသူတွေကို စောင့်ကြည့်နေပြီး စာရင်းပေးဖို့ ပျက်ကွက်ပါက အရေးယူသွားမယ်လို့ သိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024