သင်္ဃန်းကျွန်းတွင် ပြည်ပက ပြန်လာသည့် အသွားအလာ ကန့်သတ်ထားသူများကို ကျန်းမာရေး စစ်ဆေး
သူဇာလင်း
·
March 29, 2020
Covid-19 ကို ကြိုတင်ကာကွယ်နိုင်ဖို့အတွက် သင်္ဃန်းကျွန်းမြို့နယ်မှာ ပြည်ပနိုင်ငံတွေကနေ ပြန်လာပြီး Home Quarantine လုပ်နေတဲ့သူတွေအား ကျန်းမာရေးစစ်ဆေးတာကို မတ်လ ၂၈ ရက်နေ့က လုပ်ဆောင်ခဲ့ပါတယ်။
တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်တွေက ဦးဆောင်ကာ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ စည်ပင်၊ မီးသတ်တပ်ဖွဲ့နဲ့ ကြက်ခြေနီအဖွဲ့တွေအပြင် သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေက Home Quarantine လုပ်နေတဲ့သူတွေကို အိမ်အရောက် ကျန်းမာရေးစစ်ဆေးတာတွေ လုပ်ဆောင်ခဲ့တာပါ။
လက်ရှိမှာတော့ သင်္ဃန်းကျွန်းမြို့နယ်မှာ ထိုင်း၊ စင်ကာပူ၊ ဂျပန် စတဲ့ ပြည်ပနိုင်ငံတွေက ပြန်လာတဲ့သူပေါင်း ၁၁၂ ယောက် ရှိနေပါတယ်။
ဒါ့အပြင် မတ်လ ၂၈ ရက်နေ့ကစပြီး ပြည်ပနိုင်ငံက ပြန်လာတဲ့သူတွေကို မြို့နယ်အလိုက် Community Center တွေမှာ ထားရှိသွားမယ်လို့ တိုင်းဒေသကြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရွှေလှဝင်းက ပြောပါတယ်။
ရပ်ကွက်အတွင်းမှာ နေထိုင်တဲ့ ပြည်သူတွေအနေနဲ့လည်း အနီးပတ်ဝန်းကျင်မှာ ပြည်ပနိုင်ငံတွေက ပြန်လာတဲ့သူတွေရှိရင် အကြောင်းကြားပေးဖို့ နှိုးဆော်ထားတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် သင်္ဃန်းကျွန်းမြို့နယ်အတွင်းမှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါနဲ့ သက်ဆိုင်တဲ့ အသိပညာပေး လက်ကမ်းစာစောင်တွေကိုလည်း သက်ဆိုင်ရာရပ်ကွက်အလိုက် အိမ်တိုင်းကို ဝေငှသွားမယ်လို့ ပြောပါတယ်။
သင်္ဃန်းကျွန်းမြို့နယ်အတွင်းမှာတော့ အိမ်ထောင်စုပေါင်း ၅၈၀၀၀ ရှိတယ်လို့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်က ပြောပါတယ်။
မြန်မာနိုင်ငံမှာ မတ် ၂၉ ရက်နေ့အထိ COVID-19 ရောဂါ အတည်ပြုလူနာ ၈ ဦးရှိပြီး ၇ ဦးဟာ ကျန်းမာရေး သက်သာကောင်းမွန်နေတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။