COVID-19 ကာကွယ်ရေး ကေအန်ပီပီထိန်းချုပ်နယ်မြေ ဝင်ထွက်ပေါက် ၁၁ ခု ပိတ်ဆို့မည်
နော်နိုရင်း
·
March 28, 2020
COVID-19 ကူးစက်ပျံ့နှံ့မှု ကြိုတင်ကာကွယ်တဲ့အနေနဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) လက်အောက်ခံ လယ်ပွာခိုခရိုင်အတွင်းရှိ ကျေးရွာတွေဆီ အဝင်အထွက်ပေါက် ၁၁ ခုလုံးကို ပိတ်ဆို့သွားမယ်လို့ ခရိုင်ကော်မတီက မတ် ၂၅ ရက်မှာ ကြေညာပါတယ်။
COVID-19 ရောဂါဟာ ဒေသတွင်း မည်သည့်အချိန် ကူးစက်လာနိုင်မည်ကို မသိရှိနိုင်တဲ့အတွက် ကြိုတင်ကာကွယ်ပြင်ဆင်တဲ့အနေနဲ့ အထွက် အဝင်ပေါက်တွေကို ပိတ်ဆို့သွားမှာ ဖြစ်ပြီး ဒေသခံတွေအနေနဲ့ ဒေသတွင်း စားဝတ်နေရေး အခက်အခဲမရှိအောင် အခြေခံစားကုန် ၃ လစာ ကြိုတင်ပြင်ဆင်ထားဖို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
လယ်ပွာခိုခရိုင်ဆီ သွားနိုင်မယ့် ဝင်ထွက်ပေါက် ၁၁ ခုကို လာမယ့် မတ်လ ၃၀ ရက်နေ့ ကနေ ဧပြီလ ၁၅ ရက်နေ့အထိ ပိတ်ဆို့သွားမှာဖြစ်ပြီး နှစ်ပတ်အတွင်း ထူးခြားမှုတစုံတရာရှိပါက သွားလာရေးနဲ့ပတ်သက်ပြီး ဒေသခံတွေကို ပြန်လည်အသိပေးမယ်လို့ ဆိုပါတယ်။
လယ်ပွာခိုခရိုင်အတွင်း လိုလော်ထီးကျေးရွာအောက် မိုလိုချောင်းဝင်ပေါက်၊ ရေပူမှ ကိုးတရို့-ကလဲမူဒေးဝင်ပေါက်၊ ခြောက်မိုင်မှ တနန်းလိုဝင်ပေါက်၊ ခဲမဖြူမှ ဟီထာ-လယ်ဖားဒိုဝင်ပေါက်၊ ကော်သူဒိုးမှ မော်ချီးတောင်ပေါ်ဝင်ပေါက်၊ နန်းကစ်မှ ဗဟော်ခိုဝင်ပေါက်၊ စလိုင်းလုံမှ ဒေါစဲခူဝင်ပေါက်၊ ထူခိုမှ ကေကော်ဝင်ပေါက်၊ ယာဒိုမှ ကပရူးဝင်ပေါက်၊ ပေမီခိုဝင်ပေါက်နဲ့ တယ်ခိုဝင်ပေါက်တို့ကို ပိတ်ဆို့သွားမှာ ဖြစ်ပြီး သက်ဆိုင်ရာကျေးရွာတွေကိုလည်း အဲဒီကြေညာချက်အမိန့်ကို ဖြန့်ဝေထားပါတယ်။
ကေအန်ပီပီထိန်းချုပ်နယ်မြေ လယ်ပွာခိုခရိုင်ဟာ ကယားပြည်နယ် ဖားဆောင်းမြို့နယ်နဲ့ ဖရူဆိုမြို့နယ်အတွင်းက ကျေးရွာပေါင်း ၁၀၀ ကျော်ပါဝင်တဲ့ ခရိုင်ဖြစ်ပြီး ကေအန်ပီပီအနေနဲ့ အဆိုပါဒေသကို ခရိုင် ၂ လို့လည်း သတ်မှတ်ခေါ်ဆိုကြပါတယ်။