ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့ လူနာ ၃ ဦး ကျန်းမာရေးအခြေအနေကောင်းမွန်
ဆုဆုသွယ်
·
March 26, 2020
မြန်မာနိုင်ငံမှာ COVID-19 ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့ရှိထားတဲ့လူနာ ၃ ဦးစလုံး ကျန်းမာရေးအခြေအနေကောင်းမွန်ပြီး လိုအပ်တဲ့ကုသမှုတွေကိုလုပ်ဆောင်ပေးနေတယ်လို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ပြောပါတယ်။
ကိုရိုနာဗိုင်းရပ်စ်တွေ့ထားတဲ့ ချင်းပြည်နယ်တီးတိန်ဆေးရုံမှာ ကုသမှုခံယူနေတဲ့ လူနာ ၁ ဦးနဲ့ ရန်ကုန်မြို့ဝေဘာဂီဆေးရုံမှာ ဆေးကုမှုခံယူနေတဲ့ လူနာ ၂ ဦးလုံးဟာဖျားနာတာ မရှိသလို လက်ရှိမှာကျန်းမာရေးအခြေအနေ ကောင်းမွန်တယ်လို့ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက ပြောပါတယ်။
အင်္ဂလန်နိုင်ငံကနေပြန်လာပြီးကို ကိုရိုနာဗိုင်းရပ်ပိုးတွေ့ရှိခဲ့တဲ့ အင်းစိန်မြို့နယ်က လူနာရဲ့ မိသားစုဝင် ၂ ဦးကို ဆေးရုံမှာစောင့်ကြည့်နေသလို ကျန်တဲ့မိသားစုဝင် ၇ ဦးကတော့ နေအိမ်မှာ Home Quarantine လုပ်ဆောင်နေပြီး သူနဲ့ချိတ်ဆက်မှုရှိခဲ့တဲ့သူတွေကို ဓာတ်ခွဲနမူနာရယူဖို့ဆောင်ရွက်နေပါတယ်။
ဆရာတော်အရှင်ဆေကိန္ဒကျောင်းတိုက်မှာ Facility Quarantine ယူပြီး ဗိုင်းရပ်စ်ပိုး တွေ့ရှိခဲ့တဲ့လူနာနဲ့ အတူနေထိုင်ခဲ့ထိုင်ခဲ့သူတွေမှာ ရောဂါပိုးမတွေ့ရှိသလိုအားလုံးကို ၁၄ ရက်တာ အသွားအလာ ကန့်သတ်စောင့်ကြပ်ကြည့်ရှုနေပါတယ်။
ချင်းပြည်နယ်က ပိုးတွေ့ရှိတဲ့လူနာနဲ့ ထိတွေ့မှုရှိခဲ့တဲ့သူ ၃၈ ဦးကိုလည်း လက်ရှိမှာ အသွားအအလာကန့်သတ်ပြီး (Quarantine)လုပ်ဆောင်ထားပါတယ်။
အသွားအလာကန့်သတ်မှု ခံယူရမယ့်လူနာတွေအနေနဲ့ စည်းကမ်းမလိုက်နာရင် အရေးယူနိုင်ပေမယ့် အရေးယူတာထက်ပူးပေါင်းဆောင်ရွက်တာကိုပဲ လိုချင်တယ်လို့ ဒေါက်တာခင်ခင်ကြီးက ပြောပါတယ်။
မြန်မာနိုင်ငံမှာမတ်လ ၂၆ ရက် ညနေ ၅ နရီ အထိ COVID-19 ကိုရိုနာဗိုင်းရပ်စ်ပိုး သံသယနဲ့ စောင့်ကြည့်လူနာ ၃၂၂ ဦးရှိပြီး အဲဒီထဲမှာ ရောဂါပိုးတွေ့ရှိသူ ၃ ဦးနဲ့ ပိုးမတွေ့လူနာ ၂၅၂ ဦးရှိပါတယ်။ လတ်တလောမှာတော့ ဓာတ်ခွဲနမူနာစောင့်ဆိုင်းနေသူ ၆၈ ဦးရှိပါတယ်။