Homeမြန်မာသတင်း
ထိုင်းကပြန်လာသူများကို ကလိတပ်ကလေးကျေးရွာသားများ လက်မခံသဖြင့် ညတွင်းချင်း ပြောင်းရွှေ့
ထိုင်းကပြန်လာသူများကို ကလိတပ်ကလေးကျေးရွာသားများ လက်မခံသဖြင့် ညတွင်းချင်း ပြောင်းရွှေ့
DVB
·
March 26, 2020
ပဲခူးမြို့ ကလိတပ်ကလေးကျေးရွာမှာ ရောက်ရှိနေတဲ့ ထိုင်းနိုင်ငံက ပြန်လာသူတွေကို ဒေသခံရွာသားတွေက လက်မခံတဲ့အတွက် ညတွင်းချင်း ပြောင်းရွှေ့ပေးလိုက်ရပါတယ်။
ထိုင်းနိုင်ငံမှာ အလုပ်သွားလုပ်ပြီး ပဲခူးတိုင်းအတွင်း ပြန်ဝင်လာတဲ့ လူ ၄၀ လောက်ကို ၁၄ ရက် ကျန်းမာရေး စောင့်ကြည့်စစ်ဆေးဖို့အတွက် မတ်လ ၂၅ ရက်နေ့မနက်က ကလိတပ်ကလေးကျေးရွာက အလယ်တန်းကျောင်းတကျောင်းမှာ ပို့ဆောင်ထားပါတယ်။
အဲဒီလို သူတို့ရွာကို ထိုင်းနိုင်ငံက ပြန်လာသူတွေ လာရောက်ထားရှိတာနဲ့ပတ်သက်ပြီး ဒေသခံရွာသူရွာသားတွေက မကျေနပ်တဲ့အတွက် အဲဒီည ၇ နာရီခွဲလောက်က ဒေသခံတွေစုပေါင်းပြီး အင်အား၂၀၀ လောက် နဲ့ကန့်ကွက်ခဲ့တာကြောင့် စောင့်ကြည်ဖို့ထားတဲ့ ထိုင်းနိုင်ငံကပြန်ဝင်လာသူ အားလုံးကို တာဝန်ရှိသူတွေ ညတွင်းခြင်း ပြောင်းရွှေ့ပေးခဲ့ကြတယ်လို့ ပဲခူးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန့်ဇော်က ပြောပါတယ်။
“အခုအဲဒီရွာမှာ ရောက်ရှိနေတဲ့သူတွေက ရောဂါဖြစ်နေတဲ့ နိုင်ငံက ပြန်လာလို့သာ စောင့်ကြည့်တဲ့သဘောပါ။ လက်တလော သံသယလူနာလည်း မပါသေးသလို သူတို့မှာ ကျန်းမာရေးထောက်ခံချက်တွေလည်း ပါလာကြတယ်” လို့ ပဲခူးမြို့နယ်မဲဆန္ဒနယ်မြေအမှတ် ၁ လွှတ်တော်ကိုယ်စားလှယ် ဦးညွန့်ရွှေက ပြောပါတယ်။
အခုလိုထားမယ်ဆိုတဲ့ကိစ္စကို ကျေးရွာက ဘာမှမသိရသလို သံသယလူနာတွေထားဖို့ စီစဉ်ထားတဲ့ ကလိဆေးရုံမှာမထားဘဲ သူတိုရွာမှာ လာထားတဲ့အတွက် ကူးစက်မှာစိုးရိမ်ပြီး ကန့်ကွက် ကြတာလို့ တပ်ကလေးကျေးရွာနေ ဦးမင်းဆွေက ပြောပါတယ်။
အခု ရောက်နေတဲ့ အယောက် ၄၀ ထဲမှာ ပဲခူးမြို့နယ်က ၈ ယောက်သာပါပြီး ကျန်တဲ့သူတွေကို သူ့မြို့နယ်အလိုက် မြို့နယ်တာဝန်ရှိသူတွေကို နောက်တနေ့မှာ လွှဲပြောင်းပေးဖို့ အစကတည်းက စီစဉ်ထားပေမယ့် ဒေသခံတွေ လက်မခံတဲ့အတွက် ညတွင်းခြင်းပြောင်းရွှေ့ခဲ့ရတာလည်း ဖြစ်ပါတယ်။
သတင်း- အောင်စိုးမိုး