Homeမြန်မာသတင်း
သီးသန့်စောင့်ကြည့်မှုကို ရှောင်လွှဲခြင်းသည် နိုင်ငံနှင့်နိုင်ငံသားများအပေါ် သစ္စာဖောက်ရာရောက်
သီးသန့်စောင့်ကြည့်မှုကို ရှောင်လွှဲခြင်းသည် နိုင်ငံနှင့်နိုင်ငံသားများအပေါ် သစ္စာဖောက်ရာရောက်
DVB
·
March 25, 2020
COVID-19 ရောဂါ မပျံ့နှံ့စေဖို့အတွက် သီးသန့်စောင့်ကြည့်တာကို ရှောင်လွှဲတာဟာ နိုင်ငံနဲ့နိုင်ငံသားတွေအပေါ် သစ္စာဖောက်တာဖြစ်ပြီး ဥပဒေအရ ထောင်ဒဏ်ရော၊ ငွေဒဏ်နဲ့ပါ ထိထိရောက်ရောက် အရေးယူသွားမယ်လို့ ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးကပြောပါတယ်။
ပြည်ပကနေ ပြန်လာတဲ့သူတွေအထဲမှာ သတ်မှတ်ထားတဲ့နေရာမှာ ၁၄ ရက်ကြာ သီးသန့်စောင့်ကြည့်တာကို လက်မခံဘဲ ရှောင်လွှဲနေသူအများအပြား ရှိနေတာပါ။ အဲဒီလို ရှောင်လွှဲတာဟာ မိသားစု၊ နိုင်ငံနဲ့ နိုင်ငံသားအားလုံးကို သစ္စာဖောက်တာပဲလို့ ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ညွှန်ကြားရေးမှူးက ဒေါက်တာခင်ခင်ကြီးကပြောပါတယ်။
ဒါကြောင့် အဲဒီလို သတ်မှတ်စည်းကမ်းကို မလိုက်နာတဲ့သူတွေကို ဥပဒေအရ ထောင်ဒဏ်ခြောက်လ (သို့မဟုတ်) ဒဏ်ငွေငါးသောင်း (သို့မဟုတ်) ထောင်ဒဏ်ရော၊ ငွေဒဏ်ပါ ချမှတ်နိုင်ပါတယ်လို့သိရပါတယ်။
ဒါပေမယ့်လည်း နိုင်ငံခြားက ပြန်လာသူတွေ အထူးသဖြင့် ကျေးလက်ဒေသက အသိဉာဏ်နည်းပါးသူတွေပါဝင်တာဖြစ်တဲ့အတွက် ဥပဒေနဲ့အရေးယူဆောင်ရွက်တာကို မလုပ်သင့်သေးဘူးလို့ ပြည်သူ့လွှတ်တော် ကျန်းမာရေးနှင့် အားကစားဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဒေါက်တာစံရွှေဝင်းက ပြောပါတယ်။
ဒါကြောင့် ပညာပေးလုပ်ငန်းတွေကို သက်ဆိုင်ရာတာဝန်ရှိသူတွေက ထိထိရောက်ရောက်လုပ်ဆောင်ပေးသင့်တယ်လို့ ဒေါက်တာစံရွှေဝင်းက တိုက်တွန်းပါတယ်။
မြန်မာနိုင်ငံမှာ လက်ရှိအချိန်ထိ COVID-19 ကူးစက်ခံရသူ စုစုပေါင်း ၃ ဦးတွေ့ထားပြီဖြစ်ပြီး သုံးဦးစလုံးက နိုင်ငံခြားက ပြန်လာသူတွေဖြစ်ကြပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားနေတဲ့ နိုင်ငံတွေကနေပြန်လာသူတွေအနေနဲ့ သက်ဆိုင်ရာ တိုင်းနဲ့ပြည်နယ်မှာ သီးသန့်ထားရှိတဲ့ စောင့်ကြည့်ရေးဂေဟာတွေမှာ ၁၄ ရက်တာ စောင့်ကြည့်ခံဖို့ သတ်မှတ်ထားပေမယ့် လိုက်နာမှုမရှိတာကြောင့် ပြည်သူတွေအကြားစိုးရိမ်မှုတွေလည်း မြင့်တက်နေပါတယ်။
ထက်ဝေအောင်