ချင်းနယ်မြေအတွင်း တိုက်ပွဲများချက်ချင်းရပ်တန့်ရန် ချင်းအမျိုးသားတပ်ဦး(CNF)တိုက်တွန်း
နော်နိုရင်း
·
March 20, 2020
တပ်မတော်နဲ့ ရက္ခိုင့်တပ်တော်(အေအေ)တို့ရဲ့ စစ်ရေးပဋိပက္ခအတွင်း ချင်းအမျိုးသားတွေ အပေါ် စစ်ရာဇဝတ်မှု ကျူးလွန်တာတွေရှိနေပြီး ချင်းအမျိုးသား ပိုင်နက်မြေအတွင်း တိုက်ပွဲတွေကို ချက်ချင်းရပ်တန့်ဖို့ ချင်းအမျိုးသားတပ်ဦး(CNF)က တောင်းဆိုလိုက်ပါတယ်။
မတ်လ ၁၆ ရက်မှ ၁၉ ရက်နေ့အထိကျင်းပတဲ့ ချင်းအမျိုးသားတပ်ဦးရဲ့ သတ္တမအကြိမ်ညီလာခံအပြီး အခုလို ထုတ်ပြန်တောင်းဆိုတာဖြစ်ပြီး အေအေအနေနဲ့ ချင်းပြည်နယ်နဲ့ ချင်းလူမျိုးတွေ နေထိုင်ရာ ဒေသတွေမှာ စစ်ရေးအရအခြေပြု လှုပ်ရှားနေထိုင်တာ လုံးဝမပြုဖို့လည်း တောင်းဆိုထားပါတယ်။
ချင်းပြည်နယ် ပလက်ဝမြို့နယ်နဲ့ ရခိုင်ပြည်နယ်ရှိ ချင်းလူမျိုးတွေနေထိုင်တဲ့ ဒေသတွေမှာ တိုက်ပွဲတွေကြောင့် ဒေသခံ ချင်းပြည်သူတွေဟာ လူမှုဒုက္ခတွေ ခံစားနေရပြီး လူမှုအကူအညီထောက်ပံ့မှုတွေနဲ့ ပြန်လည်နေရာချထားရေးအတွက် အကူအညီလိုအပ်နေ ပါတယ်။
လူမှုအကူအညီလိုအပ်နေတဲ့ ချင်းပြည်သူတွေကို ချင်းပြည်နယ် အစိုးရနဲ့ လူမှုအဖွဲ့အစည်းတွေ၊ ဘာသာရေးအဖွဲ့အစည်းအသီးသီးကလည်း ထောက်ပံ့ကူညီဖို့လိုအပ်ပြီး ချင်းအမျိုးသားတပ်ဦးအနေနဲ့ နည်းလမ်းပေါင်းစုံအသုံးပြုပြီး အကောင်အထည်ဖော်ဆောင်ရွက် သွားမယ်လို့ လည်း ဆိုပါတယ်။
ချင်းအမျိုးသားတပ်ဦးရဲ့ သတ္တမအကြိမ် ညီလာခံကနေ ချင်းအမျိုးသားတို့ရဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ပြန်လည်ရရှိရေး၊ နိုင်ငံရေးတန်းတူမှုရှိတဲ့ အမျိုးသားပြည်နယ်တွေနဲ့၊ ပထဝီအခြေခံပြည်နယ်များစုဖွဲ့ထားတဲ့ ဖယ်ဒရယ်ပြည် ထူထောင်ရေးနဲ့ ဒီမိုကရေစီစနစ်တည်ထောက်ရေးတို့ကို နိုင်ငံရေးရည်မှန်းချက်တွေ ချမှတ်ခဲ့ပါတယ်။