မန္တလေးတွင် သေဆုံးသွားသည့် စောင့်ကြည့်လူနာ အမျိုးသမီးတွင် COVID-19 ရောဂါမတွေ့ရှိ
DVB
·
March 18, 2020
မန္တလေးမှာ သေဆုံးခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ် COVID-19 စောင့်ကြည့်လူနာမှာ ရောဂါပိုးမတွေ့ရဘူးလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဒီမနက်အစောပိုင်းမှာ ထုတ်ပြန်ပါတယ်။
မန္တလေးတိုင်း၊ တံတားဦးမြို့နယ်မှာ နေတဲ့ အသက် ၂၂ အရွယ်အမျိုးသမီးတယောက်ဟာ လည်ချောင်းနာတာ၊ အန်တာ၊ အစာမစားနိုင်တာ စတဲ့ လက္ခဏာတွေနဲ့ တောင်ပြုံးတိုက်နယ်ဆေးရုံ ကို မတ် ၁၄ ရက်မှာတက်ခဲ့ပြီး မသက်သာလို့ မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးဆီကို လွှဲပြောင်းခဲ့ပါတယ်။
လူနာမှာ မောတာ၊ အသက်ရှူကြပ်တာ စတဲ့ လက္ခဏာတွေ တွေ့ရတာကြောင့် စောင့်ကြည့်လူနာ အဖြစ်သတ်မှတ်ပြီး မတ် ၁၇ ရက် မနက် အစောပိုင်း ၂ နာရီမှာ ကန်တော်နဒီဆေးရုံဆီကို ထပ်ပြီး ပို့ခဲ့ပါတယ်။
သူ့ဆီက ဓာတ်ခွဲနမူနာယူပြီး အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) ဆီကို ပေးပို့နေတုန်း မတ် ၁၇ ရက်မနက် ၇ နာရီမှာပဲ သေဆုံးခဲ့ပါတယ်။
လူနာရဲ့ ရောဂါရာဇဝင်နဲ့ သွေးစစ်ချက်အဖြေတွေအရ သွေးဆိပ်တက်တာရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေကြောင့်ဖြစ်နိုင်တယ်လို့ သုံးသပ်ထားခဲ့ပြီး ဓာတ်ခွဲအဖြေအရ COVID-19 ရောဂါပိုးမတွေ့ရဘူးလို့ ဒီနေ့ မနက်အစောပိုင်းမှာ ထုတ်ပြန်လိုက်တာပါ။
အခုထိ စစ်ဆေးခဲ့သလောက် သံသယနဲ့ စောင့်ကြည့်လူနာတွေမှာ ရောဂါပိုးမတွေ့ရဘဲ မနေ့ ညနေပိုင်းအထိတော့ ဓာတ်ခွဲအဖြေစောင့်ဆိုင်းဆဲ လူနာ ၉ ယောက်ရှိနေပါတယ်။
မတ် ၁၆ ရက် ညနေ ၆ နာရီကနေ မတ် ၁၇ ရက် ညနေ ၆ နာရီအထိ စောင့်ကြည့်လူနာအသစ် ၁၁ ယောက်ရှိပြီး ဂျာမနီနိုင်ငံနဲ့ ထိုင်းနိုင်ငံတို့က ပြန်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၃ ယောက်မှာ ဖျားတာ၊ အခြားအသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာတွေ၊ COVID-19 ဓာတ်ခွဲအတည်ပြု လူနာနဲ့ အနီးကပ်ထိတွေ့ခဲ့တာတွေမရှိပေမယ့် ရောဂါဖြစ်ပွားတာများနေတဲ့ နိုင်ငံတွေကို ခရီးသွားခဲ့တဲ့ ရာဇဝင်ရှိတာကြောင့် သူတို့ကို ဆေးရုံမှာ ၁၄ ခွဲခြား စောင့်ကြပ်ကြည့်ရှုနေတယ်လို့ ဆိုပါတယ်။
တိုင်းနဲ့ ပြည်နယ်ဆေးရုံတွေက ဓာတ်ခွဲနမူနာတွေကို အမျိုးသားကျန်းမာရေးဓာတ်ခွဲမှု ဆိုင်ရာ ဌာန (ရန်ကုန်)ဆီကို ပေးပို့ရာမှာ ခရီးအကွာအဝေးအလိုက် ရောက်ဖို့ကြာချိန်ကွာခြားပြီး ဓာတ်ခွဲနမူနာ ရောက်ရှိပြီးတဲ့နောက် ဓာတ်ခွဲစစ်ဆေးတဲ့ အဆင့်ဆင့်ကတော့ ၅ နာရီလောက်ကနေ ၈ နာရီလောက် အထိ ကြာနိုင်တယ်လို့ ကျန်းမာရေးဌာနက ဆိုပါတယ်။
အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်)မှာလည်း COVID-19 ရောဂါ ဓာတ်ခွဲ စစ်ဆေးတာကို ၂၄ နာရီပိတ်ရက်မရှိ လုပ်ပေးနေပါတယ်။