ဖွဲ့စည်းပုံပြင်ဆင်ရေးကိစ္စ ပြည်သူအထင်လွဲမှာ မစိုးရိမ်ဟု တပ်မတော်သားကိုယ်စားလှယ်ပြော
DVB
·
March 17, 2020
လွှတ်တော်အတွင်းမှာ လက်ရှိဆောင်ရွက်နေတဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေးလုပ်ငန်းစဉ်တွေနဲ့ ပတ်သက်ပြီး ပြည်သူက တပ်မတော်ကို အထင်လွဲဖို့ စိုးရိမ်စရာမရှိဘူးလို့ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီးမျိုးထက်ဝင်း က ပြောပါတယ်။
၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ဆန္ဒမဲပေးမှု တွေကို မတ်လ ၁၀ ရက်နေ့က စတင်ကာ ပြည်ထောင်စုလွှတ်တော်မှာ ဆောင်ရွက်နေတာပါ။
လက်ရှိအချိန်မှာ ဆန္ဒမဲပေးမှု ၆ ရက် ပြီးဆုံးသွားခဲ့ပြီဖြစ်ပြီး အချက် ၈၈ ချက်ကို ဆန္ဒမဲပေးခဲ့ကြရာမှာ ၂ ချက်သာ ၇၅ ရာခိုင်နှုန်းကျော်ထောက်ခံမှုရရှိပြီး ကျန်တာတွေကတော့ ၇၅ ရာခိုင်နှုန်းမကျော်တဲ့အတွက် ပြင်ဆင်နိုင်ခြင်းမရှိခဲ့ပါဘူး။
ဖွဲ့စည်းပုံပြင်ဆင်ရာမှာ တပ်မတော်က ထောက်ခံပေးနိုင်တဲ့အချက်တွေ ပါဝင်ခဲ့ပေမယ့် တပ်ကမဲမပေးခဲ့တာကြောင့် မပြင်ဆင်နိုင်ခဲ့တာနဲ့ပတ်သက်ပြီး ဝေဖန်နေကြတဲ့အပေါ် ဒုတိယဗိုလ်မှူးကြီး မျိုးထက်ဝင်းက ဒီနေ့ မတ်လ ၁၇ ရက်ကပြုလုပ်တဲ့ လွှတ်တော်အစည်းအဝေးအပြီးမှာ ရှင်းလင်းခဲ့တာဖြစ်ပါတယ်။
“ကျနော်တို့က ဘာစိုးရိမ်စရာရှိလဲ၊ ဘာလို့စိုးရိမ်စရာမရှိဘူးလဲလို့ ပြောရင် ကျနော်တို့က ပြည်သူတွေအပေါ်မှာဘယ်လောက်ထိ အနစ်နာခံပြီး ဘယ်လိုကာကွယ်နေတယ်။ တိုင်းပြည်နဲ့ လူမျိုးအတွက်ကို ဘယ်လောက်ထိ ကြံ့ကြံ့ခံရပ်တည်နေတယ်။ အခုဆိုရင် တိုင်းရင်းသား လက်နက်ကိုင်တွေကြားထဲမှာ ဘယ်လိုငြိမ်းချမ်းရေးရအောင် ဘယ်လောက်ထိ အတတ်နိုင်ဆုံး လိုက်လျောပြီးတော့မှ အပစ်အခတ်ရပ်စဲရေးတွေလျှော့ပြီးတော့မှ ဘယ်လောက်လုပ်ပေးနေတယ်။ ကိုယ်တွေက ဒီဟာအပေါ်မှာ မှန်မှန်ကန်ကန်နဲ့လျှောက်နေတဲ့အတွက် ကျနော်ထင်ပါတယ် ဒီဟာကို အားလုံးသိပါတယ်”လို့ ဒုတိယဗိုလ်မှူးကြီးမျိုးထက်ဝင်းက ပြောပါတယ်။
ပြည်ထောင်စုလွှတ်တော်အတွင်းက ဖွဲ့စည်းပုံပြင်ဆင်ရေးလုပ်ငန်းစဉ်တွေဟာ တပ်မတော်က ပူးပေါင်းပါဝင်ခြင်းမရှိတာကြောင့် မအောင်မြင်ရတာလို့ ပြည်သူတွေနဲ့ အခြားနိုင်ငံတကာက ထင်မြင်ယူဆကြမှာကို စိုးရိမ်မိတယ်လို့ နိုင်ငံရေး ပါတီအချို့က ကိုယ်စားလှယ်တွေက သုံးသပ်ထားခဲ့ကြပါတယ်။
“ဖွချင်တဲ့သူတွေပေါ့ဗျာ။ ဖွချင်တဲ့သူနဲ့ တပ်မတော်ကို ပြိုကွဲအောင်၊ တပ်မတော်ရဲ့ အင်အားချည့်နဲ့အောင်၊ တပ်မတော်က ပြည်သူနဲ့ မတည့်အောင်ပေါ့၊ အဲ့လို လုပ်ချင်တဲ့လူလေး နည်းနည်းလောက်ပဲရှိမယ်လို့ ကျနော်တော့ထင်တယ်။ဒါကြောင့် မစိုးရိမ်ဘူးလို့ ပြောတာ” လို့လည်း ဒုတိယဗိုလ်မှူးကြီးမျိုးထက်ဝင်းက မှတ်ချက်ပေးပါတယ်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပေဒကို ပြင်ဆင်ခြင်းနဲ့ ပတ်သက်ပြီး မနက်ဖြန် မတ်လ ၁၈ ရက်နေ့မှာလည်း ပြည်ထောင်စုလွှတ်တော်မှာ ပုဒ်မ ၄၃၆(ခ) အောက်က ဆန္ဒမဲလက်မှတ် ၃ ကို ဆက်လက်ဆောင်ရွက်မှာပါ။
ဆန္ဒမဲလက်မှတ် ၃ အောက်မှာ အချက် ၁၈ ချက် ပါဝင်ပြီး ကြံ့ခိုင်ရေးပါတီနဲ့ တပ်မတော်သားကိုယ်စားလှယ်တွေ တင်သွင်းထားတဲ့ ပုဒ်မ ၂၆၁ နဲ့ ဆက်စပ် ပုဒ်မတွေကို ဆောင်ရွက်ကြမှာလည်း ဖြစ်ပါတယ်။
ဖြိုးသက်ပိုင်မြင့် (နေပြည်တော်)