Homeမြန်မာသတင်း
ပုသိမ်တွင် ညဉ့်နက်ပိုင်း ဓားရှည်များ ကိုင်ဆောင်သွားလာသူ လူငယ် ၈ ဦးကို ဖမ်းဆီးအမှုဖွင့်
ပုသိမ်တွင် ညဉ့်နက်ပိုင်း ဓားရှည်များ ကိုင်ဆောင်သွားလာသူ လူငယ် ၈ ဦးကို ဖမ်းဆီးအမှုဖွင့်
DVB
·
March 15, 2020
ဧရာဝတီတိုင်း၊ ပုသိမ်မြို့ ၊ အမှတ် ၁၃ ရပ်ကွက်မှာ မတ်လ ၁၃ ရက်နေ့ ညဉ့်နက်ပိုင်းက ဓားရှည်တွေ ကိုင်ဆောင်ပြီး အုပ်စုဖွဲ့သွားလာသူ လူငယ် ၈ ဦးကို ပုသိမ်မြို့မရဲစခန်း ရဲတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးအမှုဖွင့်ထားပါတယ်။
အမှတ် ၁၃ ရပ်ကွက်အတွင်း ရဲတပ်ဖွဲ့ဝင်တွေက လှည့်ကင်းဆောင်ရွက်နေချိန်မှာ ရပ်ကွက်နေ ပြည်သူတဦးရဲ့ သတင်းပေးချက်အရ အမှောင်ထဲမှာ ဓားရှည်တွေ ကိုင်ဆောင်ထားတဲ့ မသင်္ကာစရာ လူငယ် ၈ ဦးကို ဖမ်းမိခဲ့တာလို့ ပုသိမ် ဒုခရိုင်ရဲတပ်ဖွဲ့မှူး ရဲမှူးထင်အောင်လင်းက ပြောပါတယ်။
“ပြည်သူတယောက်က ကျနော်တို့ကို သတင်းပေးတယ်၊ လှည့်ကင်းအဖွဲ့က သွားရောက်စစ်ဆေးတဲ့အခါမှာ အဲအထဲက ၂ ယောက်ကို ဓားအရှည်တွေ ကိုင်ဆောင်ထားတာ တွေ့လို့ ဖမ်းဆီးလိုက်တာပါ၊ တခြားနေရာမှာ တွေ့ရင်လည်း အကြောင်းကြားပေးတာနဲ့ ကျနော်တို့ အချိန်မီ ဖမ်းပေးပါမယ်။”
မှောင်ရိပ်ထဲတွင် ဓားရှည်တွေ ကိုင်ဆောင်ထားတဲ့ လူငယ်တွေဖြစ်တဲ့ ကျော်သူရ(ခ) ကျီးကန်းပါ ၈ ဦးထဲက ဓားရှည်ကိုင်ဆောင်ထားသူ ၂ ဦးကို လက်နက်ပုဒ်မ ၁၉(င) နဲ့ အမှုဖွင့်ထားပြီး ကျန်တဲ့ ၆ ဦးကိုတော့ ရဲအက် ၃၅(ဃ) (မှောင်ရိပ်ခိုမှု)နဲ့ အမှုဖွင့် စစ်ဆေးနေတယ်လို့ ဆိုပါတယ်။
ဓားရှည်ကိုင်ဆောင်ထားတဲ့ လူငယ်အဖွဲ့ကို ဖမ်းဆီးထားတဲ့ အမှတ် ၁၃ ရပ်ကွက်မှာ ကေတီဗွီဆိုင်တွေနဲ့ အရက်ဆိုင်တွေ အများဆုံးရှိတဲ့ ရပ်ကွက်ဖြစ်ပြီး မကြာခဏဆိုသလို အရက်သေစာ သောက်စားမူးယစ်ပြီး ရမ်းကားတာတွေ၊ ရန်ဖြစ်တာတွေ၊ ဓားနဲ့ထိုးတဲ့ဖြစ်စဉ်တွေ ဖြစ်လေ့ရှိတဲ့ ရပ်ကွက်ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မင်းထက်မုန်း (ပုသိမ်)