မြစ်ဆုံစီမံကိန်း ထာဝရရပ်ဆိုင်းရန် ဒေသခံများ တရားလွှတ်တော်ချုပ်တွင် စာချွန်လွှာတင်
ပိုင်စိုး
·
March 14, 2020
ကချင်ပြည်နယ်က မြစ်ဆုံစီမံကိန်း ထာဝရရပ်ဆိုင်းစေဖို့အတွက် ဒေသခံတိုင်းရင်းသားတွေ စုပေါင်းပြီး မနေ့က နေပြည်တော်က တရားလွှတ်တော်ချုပ်မှာ စာချွန်လွှာ တင်လိုက်ပါတယ်။
ဦးဆောင်ပါဝင်သူ ဒေသခံတယောက်ဖြစ်တဲ့ မရစ်လုရာက “ထာဝရ တားဝရမ်းထုတ်ပေးဖို့၊ မြစ်ဆုံစာချုပ်မှာ ဘယ်လိုချုပ်ထားလဲ၊ ပေးထားတဲ့ ကတိတွေကို မိတ္တူကူးခွင့်ရဖို့ တောင်းဆိုထား ပါတယ်။ ဒီစီမံကိန်းကြောင့် ကျမတို့ရ့ လယ်ယာမြေတွေ၊ ခြံမြေတွေ အများကြီးဆုံးရှုံးခဲ့ရတယ်။ လုပ်ပြီးရင်လည်း သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှာကို စိုးရိမ်ရတယ်။ ဒါကြောင့် မလုပ်စေချင်ဘူး” လို့ ပြောပါတယ်။
စီမံကိန်းဧရိယာထဲက ရွာ ၅ ရွာဟာ သိမ်းဆည်းရွှေ့ပြောင်းခံထားရပြီး လက်ရှိမှာ စီမံကိန်းကို ရပ်ဆိုင်းထားတယ်ဆိုပေမယ့် အဲဒီဧရိယာကို ဝင်လို့မရတာ၊ အလုပ်လုပ်နေတဲ့ ပုံစံတွေ ရှိတာကြောင့် မရပ်ဘဲဆက်လုပ်နေတယ်လို့ ယူဆကြောင်းလည်း သူက ပြောပါတယ်။
ဒီမတိုင်ခင် ဖေဖော်ဝါရီလတုန်းက မြစ်ကြီးနားခရိုင်တရားရုံးမှာ စာချွန်လွှာတင်ခဲ့ပေမယ့် ပယ်ချခံခဲ့ရပါတယ်။
တားဝရမ်းထုတ်ပေးဖို့အတွက် ဒေသခံ ရွာ ၃ ရွာက ရွာသူရွာသား ၃၀၀ ကျော်နဲ့ ဥပဒေပညာရှင်အဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်တာ ဖြစ်ပါတယ်။
ရှေ့နေ ဦးဖိုးဖြူက “ဒေသခံတွေက ကျနော်တို့ကို ငှားရမ်းတာပေါ့ဗျာ။ ဒါကြောင့် သူတို့ကိုယ်စား ကျနော်ကိုယ်တိုင် လျှောက်ထားသူဖြစ်ပါတယ်။ ကျနော်အပါအဝင် ရွာသူရွာသား ၃၀၃ ယောက်က တောင်းဆိုကြတာပါ။ ဒီမြစ်ဆုံစီမံကိန်းကို ဆောင်ရွက်နေဆဲကာလမှာပဲ တားမြစ်စေ စာချွန်လွှာထုတ်ပေးဖို့ပါ။ လျှောက်ထားခံရသူတွေကတော့ ပြည်ထောင်စုအစိုးရအဖွဲ့နဲ့ လျှပ်စစ်နဲ့ စွမ်းအင် ဝန်ကြီးဌာနပါ။ လက်ရှိမှာတော့ တရားလွှတ်တော်ချုပ်က စာချွန်တော်စိစစ်တဲ့ဌာနမှာ စိစစ်နေတုန်းပဲ ရှိပါသေးတယ်” လို့ ပြောပါတယ်။
မြစ်ကြီးနားခရိုင်တရားရုံးမှာ လျှောက်ထားခဲ့တာ ပယ်ချခံခဲ့ရတာကြောင့် ကချင်ပြည်နယ် တရားရုံးကို ပြင်ဆင်မှု တက်ထားပေမယ့် ပြန်ပြီးတုံ့ပြန်မလာသေးဘူးလို့လည်း သူက ပြောပါတယ်။