မောင်တောတွင် အမျိုးသမီး ၁ ဦး အသတ်ခံရ၊ ၂ ဦး ပျောက်ဆုံးနေ
DVB
·
March 14, 2020
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်း၊ ရဲအောင်ချောင်းအုပ်စု ဘောက်ရွာက တောင်ယာသွားတဲ့ အသက် ၁၇ အရွယ် အမျိုးသမီးတဦး အသတ်ခံရပြီး အမျိုးသမီး နှစ်ဦး ပျောက်ဆုံးနေတယ်လို့ မောင်တောခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးအောင်က ပြောပါတယ်။
“မနေ့ ညနေက တောင်ယာကိုသွားချိန် ပြန်ရောက်မလာလို့ လိုက်ရှာကြတော့ အလောင်းတလောင်း တွေ့တယ်။ နောက် ၂ ဦးကိုတော့ ရှာနေကြတယ်လို့ သိရတယ်။ သတ်တာကတော ဘယ်သူလို့ အတိအကျမပြောနိုင်ပေမယ့် ဒီလို သတ်လေ့သတ်ထရှိတာက အာဆာပဲ ရှိတယ်”လို့ ပြောပါတယ်။
အသက် ၁၇ နှစ်အရွယ် မဆောင်ပေါင်းကို လည်ပင်း ပြတ်ရှဒဏ်ရာနဲ့ တောင်ယာထဲ သေဆုံးနေတာ တွေ့ရပြီး ပျောက်ဆုံးနေတဲ့ ဒေါ်တောင်ရူ ၄၀ နှစ်နဲ့ မထောင်လုံး ၂၆ နှစ်တို့ကိုတော့ နယ်မြေခံ နယ်ခြားစောင့်တပ်တွေနဲ့ ရွာသားတွေ စုပေါင်းရှာဖွေနေတယ်လို့ ဘောက်ကျေးရွာအုပ်ချုပ်ရေးမှူး ဉီးဇော်ဝင်းထွန်းက ပြောပါတယ်။
“သူတို့ သုံးဦးက ယာခင်းကနေ ငရုတ်သီး သွားခူးကြတာလို့ သိရတယ်။ တောင်ယာကို ညနေ ၃ နာရီခွဲမှာ သွားကြတယ်။ ရွာကို ည ၆ ကျော်အထိ ပြန်ရောက်မလာတော့ ပျောက်ဆုံးနေတဲ့ မထောင်လုံး ယောက်ျားဖြစ်သူက ကျနော့်ကို လာတိုင်တဲ့အတွက် နယ်မြေခံ နယ်ခြားစောင့်ကို အကြောင်းကြားပြီး ညတွင်းချင်း လိုက်ရှာကြတော့ ည ၈ နာရီခွဲလောက် တောင်ယာအနီးမှာ လည်ပင်းပြတ်ရှဒဏ်ရာနဲ့ မဆောင်ပေါင်း အလောင်းကို တွေ့ပါတယ်။ ပျောက်ဆုံးနေသူ ၂ ဦးကတော့ အခုအချိန်အထိ ရှာမတွေ့သေးပါဘူး။”
သေဆုံးသူ မဆောင်ပေါင်းရဲ့ အလောင်းကိုတော့ စစ်ဆေးဖို့ မောင်တောဆေးရုံ ပို့ထားပြီး သေမှုသေခင်းနဲ့ အမှုဖွင့်လှစ်သွားမယ်လို့ သိရပါတယ်။
ဘောင်းရွာဟာ ၂၀၁၇ ခုနှစ် အကြမ်းဖက်မှုဖြစ်စဉ်မှာ ရွာလုံးကျွတ် မီးလောင်သွားခဲ့ရပြီး မြိုကျေးရွာတွေဖြစ်တဲ့ ရွှေတိုင်အထက်၊ ရွှေတိုင်အောက်ရွာ၊ ငတက်၊ ဆင်ခေါင်း၊ ဒုံးညို၊ ကိုခွေး၊ သုပဏ္ဏကနဲ့ ဘင်္ဂလားဒေ့ရှ်ဘက်ကနေ ပြန်လည်ပြောင်းရွှေ့လာကြသူတွေ စုပေါင်းနေထိုင်တဲ့ ကျေးရွာဖြစ်ပြီး အိမ်ခြေ ၅၄ အိမ်နဲ့ လူဦးရေ ၃၃၀ ရှိတယ်လို့ သိရပါတယ်။
လင်းလက်