Home
မြန်မာသတင်း
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၏ ခရီးစဉ်တွင် မြေယာကိစ္စတိုင်ကြားမှုပိုမိုများပြား 
Aung Ko Latt
·
March 12, 2020
နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ကာ ပြည်ထောင်စုဝန်ကြီး တချို့လိုက်ပါပြီး လူထုတွေ့ဆုံပွဲတွေကို မတ်လ ၁၀ ရက်နေ့မှာ ရှမ်းပြည်နယ်၊ လားရှိုးမြို့၊ မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့တို့မှာ ပြုလုပ်ခဲ့ပြီး မတ်လ ၁၁ ရက်နေ့မှာတော့ စစ်ကိုင်းတိုင်း အတွင်းက ဒီပဲယင်းမြို့နှင့် ရွှေဘိုမြို့တို့မှာ ပြုလုပ်ခဲ့ပါတယ်။  လူထုတွေ့ဆုံပွဲတွေမှာ တင်ပြချက်တွေအရ အခြေခံအဆောက်အဦကိစ္စထက် မြေယာပိုင်ဆိုင်မှုတွေမှာ ပိုများလာတာ တွေ့ရတယ်လို့ ဒီပဲယင်းမြို့က လူထုတွေ့ဆုံပွဲမှာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောပါတယ်။ "ဒီပဲယင်းမှာလည်း ပြင်ဦးလွင်မှာလို မြေပိုင်ဆိုင်မှုကိစ္စတွေက တခုပြီးတခု တက်လာပါတယ်။ အဲဒီဟာမှာ ဘာအဓိကမြင်ရလဲဆိုတော့ ဥပဒေတွေကို သေသေချာချာ မသိတာတွေကို တွေ့ရပါတယ်။ ကျမတို့ပြည်သူလုထုတွေက ဥပဒေစည်းမျဉ်းစည်းကမ်းတွေ ဘယ်လိုရှိတယ်ဆိုတာလဲ မသိဘူး။ အမှန်ပြောလို့ရှိရင် ကျမတို့ တိုင်းအစိုးရဘက်ကလည်း အားနည်းချက်ရှိတယ်လို့ ပြောရမှာပဲ။ ဥပမာအားဖြင့် ဒေါက်တာအောင်သူထောက်ပြတဲ့ သမဝါယမနဲ့ ဆိုင်တာတွေ၊ ပေါင်ခြင်း နှံခြင်းနဲ့ ဆိုင်တဲ့ကိစ္စတွေဟာ တိုင်းအစိုးရကနေတောင် ဂဃနဏ မလေ့လာသေးဘူးလို့ ပွင့်ပွင့်လင်းလင်းပြောရမှာပဲ။ အဲဒီတော့ ကျမတို့အနေနဲ့ ဥပဒေတွေနဲ့ပတ်သက်လို့ ပညာပေးတွေ အထူးလုပ်ရပါလိမ့်မယ်။"လို့ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြည်သူတစ်ယောက်ရဲ့ မြေယာအငြင်းပွားမှု အပေါ်မှာ ပြောဆိုခဲ့တာပါ။ ဒီပဲယင်းတွေ့ဆုံပွဲမှာ တင်ပြစာ ၆၉ စောင်ရှိခဲ့ပြီး အများစုက မြေယာပိုင်ဆိုင်မှုဖြစ်တယ်လို့ ဆိုပါတယ်။ မြေယာပိုင်ဆိုင်မှုကိစ္စတွေကလည်း မြေစျေးတက်လာလို့ ဖြစ်တယ်လို့လည်း ပြောဆိုခဲ့ပါသေးတယ်။ "အကောင်ဘက်ကတွက်ရင် တခြားအခြေခံလိုအပ်ချက်တွေက ပိုပြီးတော့ ဖူလုံလာတဲ့ အချိန်မှာ မြေပိုင်ဆိုင်မှုကိစ္စတွေကို ပြည်သူတွေက ပိုပြီးတော့ အာရုံစိုက်လာတယ်ဆိုတာ အကောင်းဘက်ကပေါ့နော်။ နည်းနည်း အဆိုးဘက်ကကြည့်ရင် မြေစျေးတွေတက်တဲ့အခါမှာ မြေပိုင်ဆိုင်မှု လိုချင်တဲ့ စိတ်တွေက အင်မတန်မှ ပိုပြီးတော့ များလာတယ်။ အဲဒါကြောင့်မို့ မြေပိုင်ဆိုင်မှုနဲ့ပတ်သက်ပြီးတော့ ပိုပြီးတော့ ပဋိပက္ခများလာတယ်။ ကျမတို့ရဲ့ ပြည်သူလူထုဟာ တရားဥပဒေစိုးမိုးရေးဆိုတဲ့ အဓိပ္ပါယ်ကိုလည်း နားလည်ဖို့ လိုတယ်။"လို့လည်း ဆိုပါတယ်။ ပြည်သူတွေရဲ့ အဓိကစိတ်ဝင်စားတာက မြေပိုင်ဆိုင်မှုဖြစ်တာကြောင့် ပြည်ထောင်စုအဆင့် ကနေ စီမံပြီး တစ်တိုင်းပြည်လုံးကို ပညာပေးဖို့ ပြန်ကြားရေးဝန်ကြီးဌာနကနေ လုပ်ဆောင်တာ အပြင် တိုင်းနဲ့ ပြည်နယ်အစိုးရတွေကနေ ကွင်းဆင်းပြီး ပညာပေး၊ ဖြေရှင်းပေးဖို့၊ အမေးအဖြေလုပ်ပေးဖို့ စီစဉ်သွားမယ်လို့ဆိုပါတယ်။ စစ်ကိုင်းတိုင်းမှာ မြေယာပြဿနာ ဧက သိန်းချီရှိနေပါတယ်။ မြေယာပြဿနာတွေ အပေါ်မှာတော့ အစိုးရရဲ့ ဖြေရှင်းမှုတွေအပေါ်မှာ ကျေနပ်အားရမှုမရှိဘူးလို့ ပြီးခဲ့တဲ့ ရက်ပိုင်းက ကျင်းပပြီးခဲ့တဲ့ တိုင်းလွှတ်တော်မှာ ကိုယ်စားလှယ်တွေက ပြောဆိုထားပါတယ်။  စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ ၂၀၁၈-၁၉ ဘဏ္ဍာနှစ်အစီရင်ခံစာအရ စစ်ကိုင်းတိုင်း လယ်ယာမြေနှင့် အခြားမြေများပြန်လည်စိစစ်ရေးကော်မတီကို  ဗဟိုလယ်ပြန်စစ်က ပေးပို့တဲ့ တိုင်ကြားစာ ၄၅၂ စောင်၊ တိုင်းဒေသကြီးတိုင်ကြားစာ ၈၇၁ စောင်၊ တိုက်ရိုက်တိုင်ကြားစာ ၃၉၉ စောင် စုစုပေါင်း ၁၇၂၂ စောင်ရှိပါတယ်။ အဲဒီထဲက ၁၅၀၀ စောင်ကို ဖြေရှင်းပေးပြီးဖြစ်ကာ ၂၂၂ စောင်ဖြေရှင်းဖို့ ကျန်ရှိနေပါသေးတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024