ပဲခူးရိုးမ တရားမဝင်သစ်ခိုးသည့် အရေးကြီးနေရာများ ပုဒ်မ ၁၄၄ ထုတ်ပြန်မည်
DVB
·
March 7, 2020
ပဲခူးရိုးမတောထဲက တရားမဝင်သစ်တွေခိုးယူနေတဲ့ လမ်းတွေကို ပိတ်ဆို့ဖျက်ဆီးတာတွေ စတင်ပြုလုပ်နေပြီး အရေးကြီးတဲ့နေရာတွေကို ပုဒ်မ ၁၄၄ ထုတ်ပြန်သွားမယ်လို့ ပဲခူးတိုင်းသယံဇာတနဲ့ သစ်တောဝန်ကြီး ဒေါက်တာ စောညိုဝင်းကပြောပါတယ်။
ပဲခူးတိုင်းအတွင်းမှာ တရားမဝင်သစ်တွေကို ၂၀၁၇ ခုနှစ်ကစပြီး တနှစ်ကို တန် ၅၀၀၀ ကျော်လောက် ဖမ်းဆီးနိုင်ခဲ့သလို အခုနှစ်မှာတော့ နယ်မြေခံရဲစခန်းအပါအဝင် သစ်တောရဲ သစ်တောဝန်ထမ်းတွေအပြင် တပ်မ ၇၇ နဲ့ပါ ပူးပေါင်းဖမ်းဆီးမှုတွေ ပြုလုပ်လာတဲ့အတွက် ပြီးခဲ့တဲ့လတွေမှာ တလတည်း သစ်တန် ၁၀၀၀ ကျော်ကို ဖမ်းဆီးနိုင်ခဲ့တယ်လို့ဆိုပါတယ်၊
“ဘယ်လိုပဲ ဖမ်းဖမ်း တရားမဝင်သစ်တွေက ထွက်နေတဲ့အတွက် အဲဒီတရားမဝင်သစ်တွေထွက်တဲ့ ပဲခူးရိုးမတောထဲက သစ်ခိုးလမ်းတွေကို ဘက်ဟိုးတွေ နဲ့ လူ ၅ ရပ်လောက်ရှိတဲ့ ချောက်တွေတူးပြီး လမ်းတွေကို စတင်ပိတ်ဆို့နေပြီ” လို့ ပဲခူးတိုင်း သဝံဇာတ နဲ့ သစ်တောဝန်ကြီး ဒေါက်တာ စောညိုဝင်းက ပြောပါတယ်။
သစ်တွေထွက်နေတဲ့ အဓိကလမ်းကြောင်းက ရိုးမဖြတ် လမ်းကြီး ၃ ခုဖြစ်နေပြီး အဲဒီရိုးမဖြတ် လမ်းနဲ့ ကပ်လျက်ရှိတဲ့နေရာတွေက လမ်းပေါက်တွေက ထိန်းသိမ်းရ တော်တော်ခက်နေတဲ့အတွက်
အရေးကြီးတဲ့နေရာတွေကို ပုဒ် ၁၄၄ ထုတ်ပြန်သွားမယ်လို့ ဝန်ကြီးက ဆိုပါတယ်။
ချောက်ကြီးတွေတူးပြီး ဖြတ်ထားတဲ့နေရာတွေကို သံဆူးကြိုးတွေကာမှာဖြစ်သလို အဲဒီနေရာတွေမှာ ယာယီဂိတ်တွေထားရှိကာ ဒရုန်းတွေဝယ်ပြီး အမြဲစောင့်ကြည့်တာတွေလည်း လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။
အောင်စိုးမိုး