ကသာမြို့နှင့် ကလေးဝမြို့အနီး မြေငလျင်များလှုပ်ခတ်
DVB
·
March 4, 2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့အနီးမှာ အင်အား ရစ်(ခ်)တာစကေး ၅ ဒသမ ၀ အဆင့်ရှိ အင်အားအသင့်အတင့်ရှိတဲ့ မြေငလျင်လှုပ်ခတ်သွားတယ်လို့ မိုးဇလဌာနက ထုတ်ပြန်ပါတယ်။
မတ်လ ၄ ရက်နေ့ မြန်မာစံတော်ချိန် ၆ နာရီ ၅၀ မိနစ်၊ ၀၁ စက္ကန့်မှာ ကန့်ဘလူ မြေငလျင်စခန်းမှ အရှေ့မြောက်ဘက် ၉၄ မိုင်လောက်ကွာဝေးတဲ့ ကသာမြို့ရဲ့အနောက်မြောက်ဘက် ၂၁ မိုင်လောက်အကွာ အနက် ၅ ကီလိုမီတာကို ဗဟိုပြုပြီး မြေငလျင်လှုပ်သွားတာလို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ဒါ့အပြင် ဒီနေ့ မနက် ၉ နာရီ ၆ မိနစ် ၄၆ စက္ကန့်လောက်မှာလည်း စစ်ကိုင်းတိုင်း ကလေးဝမြို့ရဲ့ မြောက်-အနောက်မြောက်ဘက် ၁၅ မိုင်လောက်အကွာကို ဗဟိုပြုပြီး အင်အား ရစ်(ခ်)တာစကေး ၃ ဒသမ ၅ အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားခဲ့ပါတယ်။
ငလျင်ကြောင့် စစ်ကိုင်းတိုင်းအတွင်းက မြို့နယ်တချို့မှာ ထိခိုက်ပျက်စီးမှုတချို့ရှိတယ်လို့ သိရပါတယ်။