Homeမြန်မာသတင်း
ဗိုလ်ကြီးဟောင်းနေမျိုးဇင်၊ ရှေ့နေဦးကြီးမြင့်နှင့် ကဗျာဆရာစောဝေတို့အမှု မတ်လ ၃ ရက်နေ့ ပြန်ချိန်း
ဗိုလ်ကြီးဟောင်းနေမျိုးဇင်၊ ရှေ့နေဦးကြီးမြင့်နှင့် ကဗျာဆရာစောဝေတို့အမှု မတ်လ ၃ ရက်နေ့ ပြန်ချိန်း
DVB
·
February 29, 2020
တပ်မတော်က ပုဒ်မ ၅၀၅ (က) နဲ့ တရားစွဲဆိုထားတဲ့ ဗိုလ်ကြီးဟောင်းနေမျိုးဇင်၊ ရှေ့နေဦးကြီးမြင့်နဲ့ ကဗျာဆရာ စောဝေတို့အမှုကို တနင်္သာရီတိုင်း ကော့သောင်းတရားရုံးက မတ်လ ၃ ရက်နေ့ ပြန်လည်ချိန်းဆိုလိုက်ပါတယ်။
တပ်မတော်က ပုဒ်မ ၅၀၅ (က)နဲ့ တရားစွဲဆိုထားတဲ့ ဗိုလ်ကြီးဟောင်း နေမျိုးဇင်ပါ ၃ ယောက်အမှုကို ကော့သောင်းတရားရုံးက ဖေဖော်ဝါရီ ၂၈ ရက်နေ့ကိုချိန်းဆိုထားရာမှာ ရှေ့နေဦးကြီးမြင့်နဲ့ ဆရာစောဝေတို ရောက်မလာနိုင်တဲ့အတွက် လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေကတဆင့် တရားရုံး လုပ်ထုံးလုပ်နည်းအတိုင်း ခွင့်တင်ပြီး ရုံးချိန်း ပြန်လည်တောင်းခံခဲ့တာပါ။
ပြီးခဲ့တဲ့ ရုံးချိန်းကတည်းက ကျန်းမာရေး အခြေအနေကြောင့် ရှေ့နေဦးကြီးမြင့်နဲ့ ဆရာစောဝေတို့ရဲ့ ရုံးချိန်းကို မတ်လ ၃ ရက်နေ့ကို ပြန်ချိန်းဖို့ တောင်းဆိုခဲ့ပေမယ့် ဖေဖော်ဝါရီ ၂၈ ရက်နေ့ကို ပြန်ချိန်းခဲ့တာပါ။ ဒါပေမယ့် မလာရောက်နိုင်တဲ့အတွက် မတ်လ ၃ ရက်နေ့ကို ပြန်လည် ချိန်းဆိုခဲ့တာလည်း ဖြစ်ပါတယ်။
တပ်မတော်ကတ ရားစွဲထားတဲ့ တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်နဲ့ ကဗျာဆရာ စောဝေ တို့ကို တနင်္သာရီတိုင်း ကော့သောင်းတရားရုံးက ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၃ ရက်နေ့က ဒုတိယအကြိမ် ရုံးထုတ်စဉ် အာမခံလျှောက်ထားရာမှာ တဦးကို ကျပ်သိန်း ၅၀ စီနဲ့ အာမခံပေးခဲ့ပါတယ်။
ဗိုလ်ကြီးဟောင်း နေမျိုးဇင်၊ တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်နဲ့ ကဗျာဆရာစောဝေတို့ကို ပြီးခဲ့တဲ့နှစ် ဧပြီ ၃ ရက်က ကော့သောင်းမြို့မှာပြုလုပ်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီအား ထောက်ခံပွဲမှာ ဟောပြောခဲ့တဲ့အကြောင်းအရာတွေဟာ တပ်မတော်နဲ့ တပ်မတော်အကြီးအကဲတွေရဲ့ ဂုဏ်သိက္ခာ ထိခိုက်စေတယ်ဆိုပြီး တပ်မတော်က ပုဒ်မ ၅၀၅ (က)နဲ့ ကော့သောင်းမြို့နယ်တရားရုံးမှာ အောက်တိုဘာ ၁၇ ရက်က စတင် တရားစွဲဆိုခဲ့တာပါ။
လတ်ကိုကိုဦး