Homeမြန်မာသတင်း
ကျနော်တို့နိုင်ငံက ဒီမိုကရေစီအဆင့်အတန်း တော်တော်ကို လိုအပ်နေသေးတယ် - လူကယ်ပြန်ဝန်ကြီး
ကျနော်တို့နိုင်ငံက ဒီမိုကရေစီအဆင့်အတန်း တော်တော်ကို လိုအပ်နေသေးတယ် - လူကယ်ပြန်ဝန်ကြီး
Aung Ko Latt
·
February 29, 2020
မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအဆင့်အတန်းက ကြိုးစားဆဲသာရှိနေသေးတာကြောင့် အာဏာရှင်နိုင်ငံအဖြစ် သတ်မှတ်ခံနေရတယ်လို့ လူကယ်ပြန်ဝန်ကြီးက ပြောပါတယ်။
ကမ္ဘာ့နိုင်ငံတွေမှာ ဒီမိုကရေစီအဆင့်အတန်းကို လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲစနစ်၊ ပြည်သူကို မျက်နှာမူတဲ့ အစိုးရ၊ ပြည်သူတွေရဲ့ ပူးပေါင်းပါဝင်မှု၊ ရွေးကောက်ပွဲအပေါ် ပြည်သူတွေ မဲပေးမှု၊ ပြည်သူတွေ လွတ်လပ်စွာ ထုတ်ဖော်ရေးသားပြောဆိုခွင့် စတဲ့ အချက် ၅ ချက်အပေါ်မူတည်ကာ ဒီမိုကရေစီအဆင့်အတန်းကို သတ်မှတ်ကြတာဖြစ်ပါတယ်။
မြန်မာနိုင်ငံကတော့ ဒီမိုကရေစီကို ကြိုးစားဆဲပဲရှိသေးပြီး အပြောင်းအလဲမှာ တစ်နေတဲ့အတွက် အာဏာရှင်နိုင်ငံအဖြစ် သတ်မှတ်ခံနေရဆဲဖြစ်တဲ့အကြောင်းကို လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက မုံရွာမြို့က လူငယ်စင်တာဖွင့်ပွဲမှာ ပြောဆိုခဲ့တာဖြစ်ပါတယ်။
"ဒီမိုကရေစီအဆင့်အတန်းတွေပြောနေကြတယ် လူတွေက။ ကျနော်တို့က ဘယ်အခြေအနေ ရောက်နေပြီလဲပေါ့။ ကျနော်တို့က အစပဲရှိသေးတယ်။ ဘယ်အခြေအနေမှ မရောက်သေးဘူး။ ကြိုးစားဆဲပဲရှိသေးတယ်။ ကမ္ဘာ့နိုင်ငံတွေမှာ ဒီနိုင်ငံကတော့ ဘယ်လောက်အဆင့်အတန်းရှိတယ်ဆိုတာ ပြောပြတဲ့နေရာမှာ ကျနော်တို့နိုင်ငံက တကယ်တော့ ဒီမိုကရေစီအဆင့်အတန်း တော်တော်ကို လိုအပ်နေသေးတယ်။ ဒါကြောင့်မို့ ကျနော်တို့ကို Authoritarian လို့ သတ်မှတ်ခံနေရတယ်။ တော်တော်နစ်နာတယ်။ ကျနော်တို့က အာဏာရှင်စနစ်ကနေ အပြောင်းအလဲကို လုပ်ဆောင်တဲ့အခါမှာ တကယ့်ကို အပြောင်းအလဲတစ်ခုကို ပေါ်ပေါ်လွင်လွင် ပီပီပြင်ပြင်ဖြစ်အောင် ပြောင်းလဲရမယ်။ အဲဒီအပြောင်းအလဲမှာ တစ်နေတယ်။ တစ်နေတယ်ဆိုတာ လျှောက်လှမ်းဆဲကာလ၊ ခက်ခဲဆဲကာလလို့ သတ်မှတ်တယ်။ တကယ်လည်း ခက်ခဲဆဲကာလပဲ။"လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ပြောပါတယ်။
ဝန်ကြီးဌာနအနေနဲ့လည်း လူတဦးချင်းစီရဲ့ အခွင့်အရေးတွေ၊ ပြည်သူတွေရဲ့ ဆန္ဒတွေကို အကောင်အထည်ဖော်နေပြီး လုပ်ဆောင်ပေးနေတယ်တဲ့အပြင် အခက်အခဲကို လူငယ်တွေ၊ လူလတ်တွေ၊ လူကြီးတွေအကုန်လုံး ပြည်သူတွေအားလုံးပူးပေါင်းပြီးတော့ ဖြေရှင်းမယ်ဆိုရင် အာဏာရှင်စနစ်ကနေ ဒီမိုကရေစီစနစ်ကို လွယ်လွယ်လေးနဲ့ ပြောင်းလဲလို့ရတယ်လို့လည်း ပြောဆိုခဲ့ပါသေးတယ်။
လက်တွေ့မှာ မြန်မာနိုင်ငံက ပြည်တွင်းစစ် ချုပ်ငြိမ်းရေး၊ သယံဇာတ၊ တန်းတူညီမျှခွင့် စတဲ့ ပြည်တွင်းက အခက်အခဲတွေအပြင် နိုင်ငံတကာက ဖိအားတွေကိုလည်း ရင်ဆိုင်နေရပါတယ်။