ထိပါးနှောင့်ယှက်ခံ အမျိုးသမီးတွေအတွက် ခွန်အားဖြည့်-‘ရောင်စုံခွန်အား’သီချင်း (ရုပ်သံ)
DVB
·
February 27, 2020
“ပျော်ရွှင်မှုအတွက် တကိုယ်စာအတွေးနဲ့… မဆင်မခြင်လှောင်ရယ်စနောက်ခြင်း … တကယ်ကို မရိုးသားတဲ့ အကြည့်ရိုင်းများ…ဣန္ဒြေတွေပျက်… တကယ်အနေခက်”
ဒါကတော့ ထိပါးနှောင့်ယှက်ခံ အမျိုးသမီးတွေအတွက် စိတ်ဓာတ်ခွန်အားဖြည့် သီချင်းတပုဒ်အနေနဲ့ ထွက်ရှိလာခဲ့တဲ့ “ရောင်စုံခွန်အား” အမည်ရတဲ့ သီချင်းသစ်တပုဒ်ထဲက စာသားတွေ ဖြစ်ပါတယ်။
ဒီသီချင်းရုပ်သံကိုတော့ Shift အမည်ရတဲ့ အဖွဲ့ရဲ့ ဖေ့စ်ဘွတ်ခ်အင်တာနက်လူမှု ကွန်ရက်စာမျက်နှာပေါ်မှတဆင့် မျှဝေပေးထားခဲ့တာပါ။
“သိမ်ငယ်စိတ်နဲ့ လုံခြုံမှုမဲ့… နာကျင်စေတဲ့ အပြုအမူများ… တကယ်ဆို မိန်းကလေးတွေရဲ့ ဘဝအတွက်… ကာကွယ်လုံခြုံမှုတွေမဲ့… အမြင်မတော်တာရှောင်ဖယ်… ရှက်စရာကွယ်… သူဘယ်လိုနာကျင်နေမယ်.. စိတ်မှာကွယ်”
ရောင်စုံခွန်အား သီချင်းဟာ Colorful Girls (ရောင်စုံမိန်းကလေးများ) အဖွဲ့ရဲ့ ခံစား ချက်အစစ်အမှန်တွေနဲ့ ကိုယ်တွေ့အဖြစ်အပျက်တွေကို ဖန်တီးထားတဲ့ သီချင်းတပုဒ်ဖြစ်ပြီး အလုပ်ရုံဆွေးနွေးပွဲလုပ်ခဲ့စဉ်က သူတို့ကိုယ်တိုင် ကာယိန္ဒြေနှောင့်ယှက်ခံရတဲ့အခါနဲ့ တခြားသူ နှောင့်ယှက်ခံရတာကို တွေ့တဲ့အခါ ဘယ်လိုတွေးတယ်၊ ဘယ်လိုခံစားရတယ် ဆိုတာတွေကို မေးမြန်းပြီး စိတ်ကူး ပုံဖော်ထားတဲ့ သီချင်းဖြစ်ကာ ယွန်းနီကို (360beatz) နဲ့ ရန်မျိုးနိုင်တို့က ရေးစပ်သီဆိုထားကြတာ ဖြစ်ပါတယ်။
“ကိုယ်ချင်းစာစိတ်များနဲ့အတူ… မိန်းကလေးများဘဝ… ကူဖေးမစို့… ခံစားချက် စိတ်ထားအတူ… လက်များတွဲထားလို့ ကူစောင့်ရှောက်စို့... နားလည်ခြင်းများအတူ… တို့ စည်းမျဉ်းများနဲ့ ကာကွယ်ပေးသင့်တယ်… စာနာစိတ်လိုတယ်”
အမျိုးသမီးတွေရဲ့ ကာယိအိန္ဒြေ ပျက်ပြားအောင် နှောင့်ယှက်ခံနေရမှုတွေကို ရပ်တန့်ဖို့နဲ့ ခုထက်ပိုပြီး လူထုကိုပညာပေးဖို့အတွက် လူတိုင်းရဲ့အကူအညီကို လိုအပ်ပါတယ်။
ဒီသီချင်းကို လူငယ်အမျိုးသမီးအဆိုတော်တဦးဖြစ်တဲ့ Mary ကလည်း ပြန်လည် သီဆိုပေးထားခဲ့ပြီး ရောင်စုံခွန်အားကမ်ပိန်းမှာ ပါဝင်လာခဲ့တာကိုလည်း တွေ့ရပါတယ်။
ဒီသီချင်းရုပ်သံကိုလည်း သူ့ရဲ့ ဖေ့စ်ဘွတ်ခ်အင်တာနက်လူမှုကွန်ရက်ပေါ်မှတဆင့် မျှဝေထားခဲ့ပြီး ခုလိုရေးသားဖော်ပြထားခဲ့တာပါ။
“မိန်းကလေးတိုင်းအတွက် လုံခြုံတဲ့ပတ်ဝန်းကျင်ဆိုတာ လိုအပ်ပါတယ်နော်… Mary ချစ်ရတဲ့ ပရိတ်သတ်အားလုံးလည်း ဒီရောင်စုံခွန်အား campaign လေးမှာ ပါဝင်ဖို့ ဖိတ်ခေါ်ပါတယ်။ ဒီရောင်စုံခွန်အားသီချင်းလေးကို cover ပြန်ဆိုပေးတဲ့ သူတွေထဲကမှ အယောက် ၂၀ ကို Mary ကိုယ်တိုင် surprise လုပ်ပေးမဲ့ အစီအစဉ်လေးရှိတာကြောင့် cover song video ကို #ရောင်စုံခွန်အား ဆိုပြီး public နဲ့ တင်ပေးဖို့မမေ့နဲ့နော်”