Home
မြန်မာသတင်း
ဇာတ်ရုံ၊ ရုပ်ရှင်ရုံနှင့် ဗွီဒီယိုရုံ ဥပဒေကို ပြင်ဆင်သည့် ဥပဒေမူကြမ်း စစ်ကိုင်းတိုင်းလွှတ်တော်တွင် တင်သွင်း 
Aung Ko Latt
·
February 27, 2020
အခမဲ့ ဇာတ်ပွဲ၊ ရုပ်ရှင်၊ ကပွဲစီစဉ်သူတွေကို အရေးယူနိုင်တဲ့ စစ်ကိုင်းတိုင်းဒေသကြီး ဇာတ်ရုံ၊ ရုပ်ရှင်ရုံနှင့် ဗွီဒီယိုရုံ ဥပဒေကို ပြင်ဆင်တဲ့ ဥပဒေမူကြမ်းကို စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်မှာ တင်သွင်းလိုက်ပါတယ်။ ဖေဖော်ဝါရီ ၂၆ ရက်နေ့ စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးမှာ ဘုတလင်မြို့နယ်မဲဆန္ဒနယ်အမှတ် ၂ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ကျော်ဇေလင်းက စစ်ကိုင်းတိုင်းဒေသကြီး ဇာတ်ရုံ၊ ရုပ်ရှင်ရုံနှင့် ဗွီဒီယိုရုံဥပဒေကို ပြင်ဆင်တဲ့ ဥပေဒမူကြမ်းကို တင်သွင်းခဲ့တာပါ။ "ရှိပြီးတဲ့ ဥပဒေမှာ တားမြစ်ချက်တွေ၊ ပြစ်မှုပြစ်ဒဏ်တွေများတယ်။ ခေတ်ကာလနဲ့ မလျောညီတာအပြင် လူ့အခွင်အရေးနှင့် ဒီမိုကရေစီအရေးတိုးတက်မှုဖြစ်စဉ်ကို အနှောင့်အယှက်ဖြစ်စေတယ်။ နောက်ပြီး ဘုရားပွဲ၊ ကျောင်းပွဲတွေမှာ အခမဲ့ပြသတဲ့ ကပွဲ၊ ရုပ်ရှင်တွေကိုတောင် ဥပဒေအရ အရေးယူနိုင်တယ်။ ဥပဒေပုဒ်မ ၂၀ ကနေ ၃၁ ထိဆိုရင် နိုင်ငံရေးအမြင်မတူတဲ့ သူတွေရဲ့ အာဇာနည်နေ့မှတ်တမ်းရုပ်ရှင်ပြပွဲတွေကို ထောင်ဒဏ်ချဖို့ ဦးစားပေးပြဋ္ဌာန်းထားတယ်။ တရားမျှတမှုမရှိတဲ့ ဥပဒေပုဒ်မတွေက တရားဥပဒေစိုးမိုးရေးအတွက် အားနည်းစေတယ်။"လို့ ဒေါက်တာ ကျော်ဇေလင်းက ပြောပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီး ဇာတ်ရုံ၊ ရုပ်ရှင်ရုံနှင့် ဗွီဒီယိုရုံ ဥပဒေကို ပထမအကြိမ်လွှတ်တော်သက်တမ်းကာလ ၂၀၁၄ ခုနှစ်မှာ ဥပဒေအမှတ် ၄ အဖြစ် ပြဋ္ဌာန်းခဲ့တာပါ။ မူလဥပဒေမှာ အခန်းပေါင်း ၁၂ ခန်းပါဝင်ပြီး ပြစ်မှုပြစ်ဒဏ်အနေနဲ့ အများဆုံး ထောင်ဒဏ် ၂ နှစ်ထိရှိတယ်။  အခုပြင်ဆင်တဲ့ ဥပဒေမူကြမ်းမှာတော့ ပြစ်မှုပြစ်ဒဏ်ကို အဓိက ပြင်ဆင်ထားပြီး ထောင်ဒဏ်တွေကိုပယ်ဖျက်ထားကာ ငွေဒဏ်နဲ့သာ အစားထိုးထားတာဖြစ်ပါတယ်။ ရုပ်ရှင်ဗွီဒီယိုရုံဆိုသည်မှာ ရုပ်ရှင် ဗွီဒီယိုပြသတဲ့ အဆောက်အအုံ၊ အိမ်နှင့် အခြားနေရာကို ဆိုသည်လို့ ပြဋ္ဌာန်းထားတာက ကျေးလက်တောရွာတွေလို နေအိမ်မှာ အခမဲ့ စုပေါင်းကြည့်ရှုပြသရင်လည်း အကျုံးဝင်သလို ဖြစ်နေတဲ့အတွက် ထောင်ဒဏ်က လိုက်လျောညီထွေမှု မရှိတော့တာကြောင့် ထောင်ဒဏ်ကိုတော့ မထည့်တာလို့ မူကြမ်းတင်သွင်းတဲ့ ဒေါက်တာ ကျော်ဇေလင်းက ပြောပါတယ်။ အဆိုပါ ဥပဒေမူကြမ်းနဲ့ပတ်သက်ပြီး လွှတ်တော်မှာ လက်ခံဆွေးနွေးဖို့ သင့်မသင့် ဆုံးဖြတ်ရာမှာတော့ လွှတ်တော်က ကန့်ကွက်သူမရှိခဲ့ပါဘူး။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024