ကျောက်ဖြူမြို့နယ်တွင် အမျိုးသား ၁ ဦး မီးရှို့သတ်ဖြတ်ခံရ
DVB
·
February 25, 2020
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ ကုလာဘာကျေးရွာနဲ့ ရေနံတောင်ကျေးရွာကြားမှာ ဖေဖော်ဝါရီ ၂၄ ရက်နေ့ မနက်က အုန်းတောကျေးရွာနေ အမျိုးသား ၁ ဦး အသတ်ခံရကာ ဆိုင်ကယ်ရော လူပါမီးရှို့ခံထားရတာ တွေ့ရှိခဲ့ရတယ်လို့ ချောင်းဝကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးက ပြောပါတယ်။
ချောင်းဝကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးရွှေရွှေမောင် က“ကုလာဘာကျေးရွာနဲ့ ရေနံတောင်ကျေးရွာအကြားမှာ ဆိုင်ကယ်ကိုလည်း မီးရှို့ထားတယ်။ လူကိုလည်း မီးရှို့ထားတယ်၊ ဖြစ်တာတော့ ညမှာဖြစ်တာထင်တယ်။ တွေ့တာတော့ မနက် ၈ နာရီလောက်မှာပါ။ ပိုင်နက်က တော့ မင်းပြင်အုပ်စုပိုင်နက်မှာပါ။ အခုကတော့ သူသားရောက်လာတဲ့အတွက် အုန်းတောမှာနေတဲ့ ဦးရဲအောင်ဆိုတာတော့ သိရပြီ၊ မင်းပြင်ကို မနေ့ညကတည်း ကြက်ဝယ်သွားတာက ပျောက်သွားတာလို့ ပြောတယ်”လို့ ပြောပါတယ်။
သေဆုံးသူ ဦးရဲအောင်မှာ မျက်နှာနဲ့ ဦးခေါင်းတို့မှာ ဒဏ်ရာရထားပြီး မီးလောင်ထားတဲ့ ဒဏ်ရာတွေနဲ့ အသတ်ခံရပြီးသေဆုံးနေတာကို တွေ့ရှိရတယ်လို့ ကျောက်ဖြူမြို့မရဲစခန်းမှူး ဒုရဲမှူး ကျော်ဇောက ပြောပါတယ်။
“အဲဒီသေသွားတဲ့လူမှာက ဦးခေါင်းနောက် ဖူးရောင် ဒဏ်ရာ၊ ညာဘက်မျက်လုံးညိုမဲ၊ နှာတံပေါက်ပြဲ၊ ညာမျက်လုံးအောက်ပေါက်ပြဲ၊ ညာဖက် မေးစေ့ အောက်ပေါက်ပြဲ၊ အဲဒီဟာတွေနဲ့ မီးရှို့ခံထားရတဲ့ ဒဏ်ရာတွေနဲ့ သေဆုံးနေတာကို တွေ့တာပေါ့၊ လောလောစဉ်တော့ စစ်ဆေး နေတုန်းပေါ့”လို့ပြောပါတယ်။
အဆိုပါလူသတ်မှုကို သေဆုံးသူရဲ့ဇနီးဖြစ်သူက ကျောက်ဖြူမြို့မရဲစခန်းမှာ တရားလို ပြုလုပ်ကာတိုင်ကြားလာတဲ့အတွက် ကျောက်ဖြူမြို့မရဲစခန်းမှာ ရာဇသတ်ကြီးပုဒ်မ ၃၀၂ နဲ့ အမှုဖွင့်လှစ်ကာ စုံစမ်းစစ်ဆေးနေတယ်လို့ ကျောက်ဖြူမြို့မရဲစခန်းမှ သိရပါတယ်။
သတင်း-နောင်နောင်