ရေးမြို့နယ် ငါးခြောက်လုပ်ငန်းခွင်တွင် တရုတ်နိုင်ငံသားတဦး ရုတ်တရက်လဲကျ သေဆုံးမှုဖြစ်
DVB
·
February 22, 2020
မွန်ပြည်နယ် ရေးမြို့နယ်၊ ဆိပ်ကလေးကျေးရွာမှာ ဖေဖော်ဝါရီ ၂၂ ရက် မနက် ၁၀ နာရီက တရုတ်နိုင်ငံသား အမျိုးသားတယောက် ရုတ်တရက်လဲကျ သတိလစ်သေဆုံးမှု ဖြစ်ခဲ့တယ်လို့ မြို့နယ်ရဲတပ်ဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။
ယူနန်ပြည်နယ်၊ ရွှေလီမြို့နေ အသက် ၄၁ နှစ်အရွယ် TANG ZIUSHENG ဟာ ရန်ကုန်လေဆိပ်ကို ဇန်နဝါရီ ၃၁ ရက်နေ့က ရောက်ရှိပြီး ရေးမြို့ကို ဖေဖော်ဝါရီ ၁၄ ရက်ကတည်းက ငါးခြောက်လုပ်ငန်း လေ့လာဖို့ ရောက်နေတာပါ။
ဒီမနက်က ငါးခြောက်လုပ်ငန်းကို လေ့လာနေတုန်း ရုတ်တရက် လဲကျသွားလို့ ကျေးရွာတာဝန်ရှိသူတွေက ရေးမြို့ပြည်သူ့ဆေးရုံကို ချက်ချင်းပို့ဆောင်ခဲ့ပြီး မနက် ၁၁ နာရီလောက်မှာ သေဆုံးသွားတာပါ။
အပူချိန်မြင့်တက်မှုကြောင့် သွေးပေါင် ရုတ်တရက်တက်ကာ ဦးနှောက်သွေးကြောပေါက်သေဆုံးတာလို့ ယူဆရပြီး အရင်ရက်က ဖျားနားခြင်း မရှိခဲ့သလို အခုမှ ရုတ်တရက်သတိလစ်ပြီး သေဆုံးတာလို့ အမည်မဖော်လိုတဲ့ ဆရာဝန်တဦးက ပြောပါတယ်။
သေဆုံးသွားတဲ့ တရုတ်နိုင်ငံသားရဲ့အလောင်းကို ရေးမြို့နယ်ဆေးရုံကနေ ဒေသခံပရဟိတအဖွဲ့က အရေးပေါ်ကားနဲ့ မော်လမြိုင်ပြည်သူ့ဆေးရုံကို ပို့ဆောင်ခဲ့တာဖြစ်ပြီး ရင်ခွဲစစ်ဆေးသွားမယ်လို့ ရဲတပ်ဖွဲ့က ဆိုပါတယ်။
တရုတ်နိုင်ငံသား သေဆုံးမှုကို ရေးမြို့မရဲစခန်းက သေမှုသေခင်းဖွင့်ထားပါတယ်။
နေမျိုးထွဋ်