ဗစ်တိုးရီးယားအမှု အမှုမှန်ပေါ်ပေါက်ရေး ပျဉ်းမနားတွင် ဆန္ဒပြ
အောင်ကိုကိုလတ် (နေပြည်တော်)
·
February 22, 2020
နေပြည်တော်က မူကြိုကျောင်းသူလေး ဗစ်တိုးရီးယားအမှုနဲ့ပတ်သက်လို့ တရားခံအမြန်ဆုံး ဖော်ထုတ်ပေးဖို့နဲ့ အမှုမှန်ပေါ်ပေါက်ဖို့ ဖေဖော်ဝါရီ ၂၂ ရက်က ပျဉ်းမနားမြို့ အောင်မင်္ဂလာကား ဝင်းဟောင်းမှာ ပြည်သူတွေ ဆန္ဒပြခဲ့ကြပါတယ်။
ပျဉ်းမနားမြို့ခံ ၁၀၀ လောက်ဟာ ဗစ်တိုးရီးယားအတွက် တရားခံအမြန်ဆုံးဖော်ထုတ်ပေးဖို့၊ ဥပဒေအထက်မှာ ဘယ်သူမှမရှိစေဖို့၊ လူ့အဖွဲ့အစည်းမှာ တရားဥပဒေစိုးမိုးဖို့နဲ့ တနိုင်ငံလုံးသက် ငယ်မုဒိမ်းပပျောက်ဖို့ စသဖြင့် ကြွေးကြော်ခဲ့ကြပါတယ်။
ဆန္ဒပြသူတဦးက “ဗစ်တိုးရီးယားအမှုတခုလုံး ပေါ်ပေါက်အောင် သမ္မတကြီးအနေနဲ့၊ အတိုင်ပင်ခံအနေနဲ့ အမြန်ဆုံးဆောင်ရွက်ပေးဖို့ဟာ ပြည်သူတွေရဲ့ တာဝန်ပဲ။ ရန်ကုန်မှာလည်း ကျင်းပတယ်၊ ကျန်တဲ့မြို့နယ်တွေမှာလည်း ကျင်းပတယ်၊ အဓိကလိုအပ်ချက်က တရားဉပဒေစိုးမိုးရေးအတွက်ပဲ” လို့ ပြောပါတယ်။
ဗစ်တိုးရီးယားလေးအမှုအတွက် လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းဖို့ အကြံပြုထားတယ်လို့ အောင်ကြီးရဲ့ရှေ့နေ ဦးခင်မောင်ဇော်က ဒီနေ့ဆန္ဒပြပွဲမှာ တွေ့ဆုံစဉ် အသိပေးပြောဆိုပါတယ်။
“ကျနော်တို့ သဘောထားလေးတင်ထားတာရှိတယ်။ အဲ့ဒါဘာလဲဆိုတော့ လွတ်လပ်တဲ့ ပုဂ္ဂိုလ်တွေ၊ ဂုဏ်သိက္ခာရှိတဲ့ ပုဂ္ဂိုလ်တွေ၊ တရားဥပဒေစိုးမိုးရေးတွေမှာ ပါဝင်ခဲ့ဖူးတဲ့ အငြိမ်းစား ရဲအရာရှိကြီးတွေ၊ ရှေ့နေချုပ်ရုံးက လူကြီးတွေပါတဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင် တခုဖွဲ့ပြီး အဲ့ကော်မရှင်ရဲ့ အစီရင်ခံစာအရ လုပ်မယ်ဆိုရင် ပိုပြီးတော့ ထိရောက်လိမ့်မယ်ထင်ပါတယ်”
ဗစ်တိုးရီးယား အမှုနဲ့ပတ်သက်ပြီး ဥပဒေပြန်ဌာန်းနဲ့နဲ့ ညီညွတ်မှုမရှိတဲ့ တာဝန်ရှိသူတွေကို အရေးယူဖို့ နိုင်ငံတော်သမ္မတက ညွှန်ကြားထားတယ်လို့ သမ္မတရုံးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ဖေဖော်ဝါရီ ၂၁ ရက် သတင်း စာရှင်းလင်းပွဲမှာပြောပါတယ်။
အမှုနဲ့ပတ်သက်လို့ ဗစ်တိုးရီးယား ဖခင်က သမ္မတဆီစာနဲ့ တင်ပြလာတာကြောင့် နိုင်ငံတော်သမ္မတက အမှုမှန်ပေါ်ပေါက်ဖို့၊ တာဝန်ယူမှု တာဝန်ခံမှုရှိဖို့၊ ဥပဒေနဲ့အညီဖြစ်စေဖို့နဲ့ တရားဥပဒေစိုးမိုးရေး ဆောင်ရွက်ထားတဲ့ အခြေအနေတွေကို အမှန်တရားအတိုင်း ပြန်လည်တင်ပြဖို့ ပြည်ထောင်စု တရားလွှတ်တော်ချုပ်၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုရှေ့နေချုပ်ရုံးတို့ကို ညွှန်ကြားချက် ပေးထားတယ်လို့ ဦးဇော်ဌေးက ဆိုပါတယ်။
အဲဒီအမှုမှာ သံသယတရားခံ အောင်ကြီးကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာလက ဒက္ခိဏခရိုင်တရားရုံး က တရားရှင်လွှတ်ပေးခဲ့တဲ့အတွက် ဒီဆုံးဖြတ်ချက်နဲ့ပတ်သက်လို့ ဒက္ခိဏခရိုင်ဥပဒေရုံးနှင့် အမှတ် ၁ မှုခင်းရဲတပ်ဖွဲ့တို့က ပြင်ဆင်ချက်တင်သွင်းတာကို မန္တလေးတိုင်းဥပဒေရုံးက ပယ်ချခဲ့ပါတယ်။