ရေနံချောင်းမြို့တွင် ကျောင်းသားချင်း ဓားထိုးမှုဖြစ်၊ ၁ ဦး သေဆုံး
DVB
·
February 16, 2020
မကွေးတိုင်း၊ ရေနံချောင်းမြို့၊ သစ်တစ်ပွေရပ်ကွက်က ကျူရှင်ကျောင်းတကျောင်းမှာ ဒီကနေ့ မနက်ပိုင်း ၉ နာရီလောက် ကောလိပ်ကျောင်းသားချင်း ဓားထိုးမှုဖြစ်ပြီး ၁ ဦး သေဆုံးခဲ့တယ်လို့ ညောင်လှနယ်မြေစခန်းက သိရပါတယ်။
ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၁၆ ရက် မနက်ပိုင်း သစ်တစ်ပွေရပ်ကွက်က ဘော်ဒါဆောင် ကျူရှင်တက်ရောက်နေတဲ့ ကျော်မျိုးလင်း (ရေနံချောင်း ဒီဂရီကောလိပ် ဓာတုဗေဒ ပထမနှစ် ကျောင်းသား) ကို မေဂျာတူ ကျောင်းသား မောင်အောင်မျိုးဦးက ပုလင်းနဲ့ ရိုက်လို့ ကျော်မျိုးလင်းက အသင့်ပါလာတဲ့ ဓားနဲ့ ပြန်ထိုးခဲ့တာလို့ သိရပါတယ်။
အောင်မျိုးဦးဟာ ညာရင်အုံ၊ ညာလက်မောင်း၊ ညာဘက်ရင်ဘတ် အထက်ပိုင်းတို့မှာ ထိုးသွင်း ဒဏ်ရာတွေ ရရှိပြီး ရေနံချောင်း ပြည်သူဆေးရုံမှာ သေဆုံးသွားခဲ့တယ်လို့ ညောင်လှနယ်မြေစခန်း တာဝန်ရှိသူတဦးက ပြောပါတယ်။
သူတို့နှစ်ဦးဟာ ဖေဖော်ဝါရီ ၁၄ ရက်နေ့ညကလည်း ဘော်ဒါဆောင်မှာ စောင်ယူခြုံရာကနေ စကားများခဲ့ကြသလို ၁၅ ရက်နေ့မှာလည်း ခိုက်ရန်ဖြစ်ခဲ့ကြတာကြောင့် ကျောင်းသားတွေက ဝိုင်းဝန်းဖျန်ဖြေခဲ့ကြရတယ်လို့ သိရပါတယ်။
ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ညောင်လှနယ်မြေရဲစခန်းမှာ ကျော်မျိုးလင်းအား ရာဇသတ်ကြီး ဥပဒေပုဒ်မနဲ့ အရေးယူဆောင်ရွက်ထားတယ်လို့ သိရပါတယ်။
ကိုလင်း(ချောက်)