ရေးမြို့နယ် ဇီးဖြူသောင်ကျေးရွာဈေး ကျပ်သိန်း ၂၁၆၀ ဖြင့် ပြန်ဆောက်မည်
DVB
·
February 16, 2020
မွန်ပြည်နယ်အစိုးအရရဲ့ ခွင့်ပြုရန်ပုံငွေ ကျပ်သိန်း ၂၁၆၀ နဲ့ ရေးမြို့နယ်စည်ပင်သာယာရေး အဖွဲ့က ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်မှာ ဇီးဖြူသောင်ကျေးရွာဈေးကို ပြန်ဆောက်မယ်လို့ ဈေးသာယာရေးကော်မတီက ပြောပါတယ်။
တင်ဒါအောင်မြင်ထားခဲ့တဲ့ မြတ်သူရ ကုမ္ပဏီမှ သတ်မှတ်ထားတဲ့ ဘဏ္ဍာရေးနှစ်အတွင်း ရာနှုန်းပြည့် တာဝန်ယူကာ RC ၁ ထပ် ဈေးကို တည်ဆောက်သွားမယ်လို့ ဆိုပါတယ်။
ဆိုင်ခန်းပေါင်း ၄၈ ခန်း၊ ပျံကျဈေးဆိုင်ခန်း ၁၂၀ ခန်းပါမယ့် ဈေးသစ်မှာ ဆိုင်ခန်းရှင်တွေ အနေနဲ့ မူလနေရာအတိုင်း ရောင်းချခွင့်ရမှာဖြစ်ပြီး တည်ဆောက်မယ့် ကုန်ကျစရိတ်တွေကိုလည်း ပေးသွင်းစရာမလိုဘူးလို့ ဈေးကော်မတီက ပြောပါတယ်။
ဇီးဖြူသောင်ကျေးရွာဟာ ပင်လယ်ရေလုပ်ငန်းလုပ်ကိုင်တဲ့ ရွာဖြစ်သလို ပင်လယ်ကမ်းခြေနဲ့ ဆက်စပ်နေတဲ့ ကျေးရွာလည်း ဖြစ်ပါတယ်။
၂၀၀၅ ခုနှစ်မှာ လူနေအိမ် ၁၇၀ ကျော်နဲ့ ကျေးရွာဈေးပါ မီးဘေးသင့်ထားရာမှ ယာယီဈေးနဲ့ သာ ရောင်းချရာမှ ဈေးသစ် ပြန်လည်တည်ဆောက်တာလို့ သိရပါတယ်။
အဲဒီဈေးဟာ ဒေသထွက်ကုန် ငါးခြောက်၊ ပုစွန်ခြောက်၊ လူသုံးကုန် ထိုင်း-တရုတ်ပစ္စည်းတွေ နဲ့ စားသောက်ကုန်တွေ ရောင်းဝယ်တဲ့ဈေးလည်းဖြစ်ပါတယ်။
နေမျိုးထွဋ်