မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ချောက်မြို့တွင် အဖွဲ့စုံ မီးငြှိမ်းသတ်လေ့ကျင့်
DVB
·
February 9, 2020
မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ရည်ရွယ်ပြီး မကွေးတိုင်း ချောက်မြို့ မြို့မဈေးမှာ မီးသတ်တပ်ဖွဲ့အပါအဝင် အဖွဲ့စုံက မီးငြှိမ်းသတ်ခြင်း ဇာတ်တိုက်လေ့ကျင့်ခဲ့ကြပါတယ်။
ချောက်မြို့နယ်မီးသတ်တပ်ဖွဲ့၊ မြို့နယ်အရံမီးသတ်တပ်ဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နဲ့ လူမှုကူညီရေးအသင်းတွေ ပူးပေါင်းပြီး ဖေဖော်ဝါရီ ၇ ရက်နေ့က ပြုလုပ်ခဲ့ကြတာပါ။
ချောက်မြို့နယ်မီးသတ်ဦးစီး အရာရှိ ဦးစိုးညွှန်က “အခုလိုပြုလုပ်ရတာ အကြောင်းတရားတခုဖြစ်လာရင် ကိုယ့်တာဝန် သူတာဝန်လေးတွေနဲ့ ပူးပေါင်း ဆောင်ရွက်တတ်အောင် မီးသတ်အဖွဲ့ မီးငြိမ်းသတ်နေချိန်မှာ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အနေနဲ့ လုံခြုံးရေးနဲ့ ယာဥ်အန္တရာယ်ကင်ရှင်းရေးကို ဆောင်ရွက်ပေးရသလို လူမှုရေးအသင်းတွေ အနေနဲ့လည်း အရေးပေါ်ကားနဲ့ ဘေအန္တရာယ်ကျရောက်လာတဲ့ အနေအထားပေါ်မှာ ပူးပေါင်းဆောင်ရွက်ရမှာဖြစ်တယ်” လို့ပြောပါတယ်။
ချောက်မြို့နယ် စည်ပင်သာယာရေးပေါ်မတီ ဥက္ကဋ္ဌ ဦးကျော်ဝင်းက “စျေးဟာ မြို့ရဲ့အသဲနှစ်လုံးဖြစ်လို့ ဘယ်လိုမှလည်း အထိခိုက်မခံနိုင်ပါဘူး၊ မန္တလေးမှာဖြစ်သွားတဲ့ စျေးမီးလောင်တာ ဘာကစလဲ၊ ဝါယာရှောဆို့တော့ ဒီစျေးကိုလည်း အဲလိုမဖြစ်ရအောင် မြို့နယ်လျှပ်စစ်၊ မီးသတ်အဖွဲ့တွေနဲ့ ပူးပေါင်းပြီး အကြိမ်ကြိမ်လည်း စစ်ဆေးထားပါတယ်” လို့ ပြောပါတယ်။
ဇာတ်တိုက်လေ့ကျင့်မှုကို မီးသတ်ယာဉ် ၆ စီး၊ ရေသယ်ယာဉ် ၁ စီး၊ ရေနံမြေ မနောဖြူ လူမှုကူညီးရေးအသင်းတွေက ရေသယ်ယာဉ်၊ လူနာတင်ယာဉ်တွေနဲ့ မီးသတ်တပ်ဖွဲ့၊ ရဲတပ်ဖွဲ့၊ စည်ပင်၊ လျှပ်စစ်အဖွဲ့၊ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးအဖွဲ့နဲ့ လူမှုရေးအသင်းအဖွဲ့ လူအင်အား ၁၃၃ ဦးနဲ့ ဆောက်ရွက်ခဲ့တာပါ။
ကိုလင်း(ချောက်)