ပြည်ပက ထောက်ပံ့သည့် နှာခေါင်းစည်း ၅ သန်း ဖြန့်ဝေပေးမည်
DVB
·
February 9, 2020
ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု မရှိစေဖို့ ပြည်ပက ထောက်ပံ့တဲ့ နှာခေါင်းစည်း (MASK) ၅ သန်း ရန်ကုန်ကို ရောက်နေရှိနေပြီး မကြာခင် ဖြန့်ဝေပေးမယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သာထွန်းကျော်က ပြောပါတယ်။
ကိုရိုနာဗိုင်းရပ်စ် မကူးစက်ဖို့ ကာကွယ်ထိန်းချုပ်နေတာနဲ့ပတ်သက်လို့ ဖေဖော်ဝါရီ ၇ ရက်က မန္တလေးမြို့ တိုင်းပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနရုံးမှာ လုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားလိုက်တာလို့ နိုင်ငံပိုင်သတင်းမှာ ဖော်ပြပါတယ်။
“ကျနော်တို့ ပြည်ပက ရတဲ့ နှာခေါင်းစည်း ငါးသန်း ပြည်သူတွေဆီ ဖြန့်လိုက်ရင် ဈေးတင် ရောင်းနေတာတွေ ရပ်သွားမယ်”လို့ သူက ဆိုပါတယ်။
ဝူဟန်ပြန် မန္တလေးကန်တော်နဒီဆေးရုံရောက် မြန်မာကျောင်းသား ၅၉ ဦးနဲ့ ကျန်းမာရေးဝန်ထမ်း ၃ဦးကို လူထုနဲ့ မတွေ့စေဘဲ ၁၄ ရက်ကြာ စောင့်ကြပ်ကြည့်ရှူနေပြီး ရောဂါ လက္ခဏာ မပေါ်ရင် မိသားစုဆီ ပြန်နိုင်ဖို့ စီစဉ်ထားတယ်လို့ ဒေါက်တာသာထွန်းကျော်က ပြောပါတယ်။
တရုတ်နိုင်ငံက စခဲ့တဲ့ အဲဒီရောဂါဟာ နိုင်ငံပေါင်း ၂၈ ခုက လူပေါင်း ၃၇၀၀၀ ကျော် ကူးစက်ခဲ့ပြီး သေဆုံးသူ ၈၀၀ ကျော်နဲ့ ရောဂါပျောက်ကင်းသူ ၂၆၀၀ ကျော်ရှိပြီလို့ သိရပါတယ်။
မြန်မာနိုင်ငံမှာတော့ ဖေဖော်ဝါရီ ၈ ရက်အထိ သံသယလူနာ (၁) ဦးအပါအဝင် လူနာ ၁၀ ဦး ရှိပြီး သက်ဆိုင်ရာဆေးရုံတွေမှာ ဆက်လက် စောင့်ကြပ်ကြည့်ရှုကုသပေးနေတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဖြစ်ပွားတဲ့ အဆုတ်ရောင်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ကုသရေး ဗဟိုကော်မတီကို ဇန်နဝါရီ ၃၀ ရက်မှာ ဖွဲ့စည်းခဲ့ပါတယ်။