တရုတ်ကပြန်လာသည့် အမျိုးသားကို ကြံခင်းဆေးရုံတွင် စောင့်ကြည့် ကုသပေးနေ
DVB
·
February 8, 2020
ဧရာဝတီတိုင်း၊ ကြံခင်းမြို့နယ်မှာ တရုတ်ကပြန်လာတဲ့ အမျိုးသားတဦးအား ကိုရိုနာဗိုင်းရပ်စ်သံသယနဲ့ ဖေဖော်ဝါရီ ၇ ရက်နေ့က ဆေးရုံကို ခေါ်ယူပြီး စောင့်ကြည့်ကုသပေးနေတယ်လို့ သိရပါတယ်။
အသက် ၄၁ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဦးသန်းဇော်ဟာ တရုတ်နိုင်ငံကပြန်လာချိန်မှာ ချောင်းဆိုးပြီး ရင်ဘတ်အောင့်တဲ့ ရောဂါခံစားနေရတာကြောင့် ဖျားနာမှုမရှိပေမယ့် ဆေးရုံကို ခေါ်ယူစောင့် ကြည့်နေတာလို့ မြို့နယ်ဆေးရုံအုပ်ကြီးက ပြောပါတယ်။
"တရုတ်ကပြန်လာတာသူက၊ ဖျားနာတာမရှိသေးပေမယ့် နှာဆေး ချောင်းဆိုတာတွေရှိတယ်၊ ကိုယ်ပူချိန်ကတော့ ပုံမှန်ပါပဲ။ တရုတ်ပြည်က ပြန်လာတာဆိုတော့ ကျနော်တို့ဘက်က လုပ်ထုံး လုပ်နည်းအတိုင်း လုပ်မထားရင် တကယ်ရှိခဲ့ရင် ကူးစက်တာတွေ ဖြစ်လာမှာဆိုးလို့ ခေါ်ယူ စောင့်ကြည့်ထားတာပါ "လို့ ကြံခင်းပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာ ဦးဝင်းနိုင်က ဒီဗွီဘီကို ပြောပါတယ်။
တရုတ်နိုင်ငံကပြန်လာတဲ့ အဆိုပါအမျိုးသားကို နှာဆေး ချောင်းဆိုတာတွေ ပျောက်သွားပြီး စိတ်ချရတဲ့ အခြေအနေထိ ကြံခင်းပြည်သူ့ဆေးရုံကြီး သီးခြားကူးစက်လူနာဆောင်မှာထားပြီး စောင့်ကြည့်တာတွေပြုလုပ်သွားမယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
"လူစည်ကားရာ နေရာတွေနဲ့ စျေးတွေမှာ နှာခေါင်းစည်းတွေနဲ့ ရောဂါနဲ့ပတ်သတ်လို့ အသိပညာ ပေးလက်ကမ်းစာစောင်တွေကို ပေးဝေထားဖို့ စီစဉ်ထားပြီး ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကိုလည်း တရုတ်နိုင်ငံဘက်က ပြန်လာသူတွေအား စာရင်းကောက်ခိုင်းတာတွေနဲ့ ဒေသတွင်းမှာ သံသယရှိတဲ့ လူနာတွေရင် အကြောင်းကြားဖို့ မှာထားပါတယ်" လို့ ကြံခင်းမြို့ အမှတ် ၁ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသော်ဇင်ဝင်းက ပြောပါတယ်။
လက်ရှိအချိန်မှာ တရုတ်နိုင်ငံက ပြန်လာတဲ့ အသက် ၄၁ နှစ်အရွယ် အမျိုးသားကို ကြံခင်းပြည်သူ့ဆေးရုံကြီး သီးခြားကူးစက်လူနာဆောင်မှာထားပြီး ကျန်းမာရေးဝန်ထမ်းတွေနဲ့ သက်ဆိုင်ရာ တာဝန်ရှိသူတွေက စောင့်ကြည့်တာတွေပြုလုပ်နေပြီး ထူးခြားမှုရှိလာရင် ဝေဘာဂီ အထူးကုဆေးရုံကြီးကို ပို့ဆောင်သွားမယ်လို့ တာဝန်ရှိသူတွေက ဆိုပါတယ်။
ဧရာဝတီတိုင်း၊ လပွတ္တာမြို့မှာလည်း ဖေဖော်ဝါရီလ ၅ ရက်နေ့က တရုတ်နိုင်ငံနယ်စပ် ကချင်ပြည်နယ် လွယ်ဂျယ်ဆေးရုံက ဆေးရုံဆင်းလာပြီး ဇာတိ လပွတ္တာမြို့ကို ပြန်လာတဲ့ အသက် ၃၉ နှစ်အရွယ် အမျိုးသမီးကို တာဝန်ရှိသူတွေ ပူးပေါင်းပြီး ဆေးရုံကြီးမှာ ခေါ်ယူစောင့် ကြည့်တာတွေ ပြုလုပ်ခဲ့ရပါတယ်။
မင်းထက်မုန်း (ပုသိမ်)