မန္တလေးက မြို့တော်ပန်းဈေး စတင်ဖွင့်လှစ်
DVB
·
February 7, 2020
မန္တလေး-ပြင်ဦးလွင် ကားလမ်းဘေးက ပျံကျပန်းဈေးကို သန့်စင်ကုန်းကျေးရွာမှာ မြို့တော်ပန်းဈေးအဖြစ် ပြောင်းရွေ့ဖွင့်လှစ်ထားတယ်လို့ မန္တလေးမြို့တော်စည်ပင်သာယာရေး ကော်မတီက သိရပါတယ်။
အဆိုပါပန်းဈေးဟာ အရင်က လက်ကောင်းကျေးရွာအနီး မန္တလေး-ပြင်ဦးလွင်ကားလမ်း နံဘေးမှာ ရောင်းချကြတာဖြစ်ပြီး၊ ကားလမ်းဘေးဖြစ်တဲ့အတွက် ယာဉ်အန္တရာယ်စိုးရိမ်ရတာ၊ လမ်းပိတ်ဆို့တာ၊ ယာဉ်ကြောကြပ်တည်းတာ၊ ပတ်ဝန်းကျင် ညစ်ညမ်းတာတွေကြောင့် ပန်းဈေးကို စနစ်တကျဖြစ်အောင် ရွှေ့ပြောင်းခဲ့တာလို့ သိရပါတယ်။
ပန်းဈေးရွေ့ပြောင်းဖို့အတွက် ဘိုတက်ကုန်းကျေးရွာအုပ်စု၊ သန့်စင်ကုန်းကျေးရွာမှာ မြေ ၂ ဧက ကျော်ဝယ်ယူခဲ့ပြီး၂၀၁၈-၁၉ ဘဏ္ဍာနှစ်မှာ ၁၀ ပေပတ်လည် ဆိုင်ခန်း ၁၂၀ ပါဝင်တဲ့ ဈေးရုံငါးရုံကို ဆောက်လုပ်ပေးခဲ့ပါတယ်။
ဈေးနှင့်သားသတ်ဌာန ဌာနမှူး ဦးခင်အောင်က "ပြီးခဲ့တဲ့သုံးနှစ်လောက်ထဲက ကျနော်တို့ ဆောင်ရွက်ခဲ့တဲ့လုပ်ငန်းဖြစ်ပါတယ်။ အဲဒီမှာရှိတဲ့ဈေးသည်တွေ စာရင်းကောက်ယူပါတယ်။ စာရင်းကောက်ယူတဲ့အခါမှာ နောက်ဆုံးအချိန်အထိ အမှန်တကယ်ဈေးရောင်းချတဲ့သူများ၊ နောက် ဆိုင်ခန်း အကျဉ်းအကျယ်အလိုက် ဈေးမိဈေးဖတွေနဲ့ ကျနော်တို့ ပွင့်လင်းမြင်သာစွာ စနစ်တကျ နေရာချထားပေးတာဖြစ်ပါတယ်။ မဲနှိုက်နေရာချတဲ့နေရာမှာတောင် ကျနော်တို့ဈေးဝန်ထမ်းတွေက ဘာမှပါဝင်ပတ်သက်ခြင်း မရှိပါဘူး။ ဈေးအကျိုးတော်ဆောင် ဈေးမိဈေးဖတွေက အမည်စာရင်း နှိုက်တယ်။ နှိုက်တဲ့ ဈေးသူဈေးသားက ကိုယ်တိုင်မဲနှိုက်တဲ့စနစ်နဲ့ ကိုယ်ကျတဲ့အခန်းကို ကိုယ်ယူတဲ့ စနစ်နဲ့ ဆောင်ရွက်တာဖြစ်ပါတယ်"လို့ပြောပါတယ်။
ပန်းဈေးရွှေ့ပြောင်းရာမှာ အမှန်တကယ်ရောင်းချနေသူတွေကိုသာ ဆိုင်ခန်းနေရာချထား ပေးတာဖြစ်ပြီး အခြားသူကို ပြန်လည်လွှဲပြောင်းခွင့်မရှိဘူးလို့ ဆိုပါတယ်။
ဈေးနှင့်သားသတ်ဌာန ဌာနမှူး ဦးခင်အောင်က "ကျနော်တို့ ခု registration လုပ်ထားပါတယ်။ ဒါကို အမှန်တကယ်ရောင်းချတဲ့လူတွေကို စိစစ်ပြီးတော့မှ ကျနော်တို့ နေရာချထားပေးခြင်းဖြစ်ပါတယ်။ ဒါက နိုင်ငံတော်ပိုင်တာဖြစ်တဲ့အတွက် ဒီလိုလွှဲပြောင်းရောင်းချလို့ မရပါဘူး။ သူတို့မရောင်းနိုင်ဘူးဆိုရင် ဈေးအကြီးအကဲတွေ၊ ဈေးတာဝန်ခံတွေထံမှာ ပြန်လည်အပ်နှံ ရမှာ ဖြစ်ပါတယ်။ တကယ်ရောင်းချတဲ့လူကိုပဲ ကျနော်တို့ကစနစ်တကျရွေးချယ်ပြီးတော့ နေရာချထားပေးမယ့်စနစ်ဆောင်ရွက်ထားပါတယ်"လို့ ဆက်ပြောပါတယ်။
ဆိုင်ခန်းတခန်းကို တလ ကျပ် ၃၀၀၀၀ ပေးဆောင်ရမှာဖြစ်ပြီး အပိုင်ရောင်းချပေးတာ မဟုတ်ဘူးလို့ သိရပါတယ်။
ပန်းဈေးမှာရောင်းချနေတဲ့ ဈေးသည် ဒေါ်ဝင်းဝင်းက "ဒါကကျတော့ အန္တရာယ်ကင်းကင်း ရောင်းရတာပေါ့။ ဟိုကကျ ကားလမ်းဘေးဆိုတော့ ကြောက်နေရတာ။ မဆိုးပါဘူး။ နေရာနဲ့ဆိုတော့ အိန္ဒြေရတာပေါ့ ရောင်းရတာ၊ ဖောက်သည်တွေက ရောင်းတဲ့နေရာ လိုက်လာမှာပဲ။"လို့ပြောပါတယ်။
မြို့တော်ပန်းဈေးမှာ ရေစင်၊ စက်ရေတွင်း၊ လျှပ်စစ်မီး၊ ဈေးတာဝန်ခံရုံးခန်း၊ ရေချိုးခန်း၊ အိမ်သာတွေပါ ဆောက်လုပ်ပေးထားတာဖြစ်ပြီး အစိုးရအသုံးစားရိတ်နဲ့ ကျပ်သိန်း ၃၀၀၀ ကျော် ကုန်ကျတယ်လို့သိရပါတယ်။
သန့်စင်ကုန်းကျေးရွာက မြို့တော်ပန်းဈေးဖွင့်လှစ်ပွဲကို ဖေဖော်ဝါရီ ၆ရက်နေ့က ကျင်းပခဲ့ပါတယ်။
သတင်း- ထိန်ထိန်လင်း