Home
မြန်မာသတင်း
မဟာမြိုင်ဖောက်ခွဲရေးပစ္စည်းများအမှုမှ ကျန်ရှိတရားခံ ဖမ်းမိရေး ရဲတပ်ဖွဲ့ကြိုးပမ်းနေ
Aung Ko Latt
·
February 7, 2020
စစ်ကိုင်းတိုင်း၊ ရေဦး-ကလေးဝကားလမ်း နတ်စင်တောင် (မဟာမြိုင်) ပူးပေါင်း စစ်ဆေးရေးဂိတ်ကနေ ယမ်းပျော့လို့ ယူဆရတဲ့ ဖောက်ခွဲရေးပစ္စည်းတွေကို ဘီးယာဉ်တစီးပေါ်ကနေ ဖမ်းဆီးရမိခဲ့ပြီး လွတ်မြောက်နေတဲ့တရားခံ ဖမ်းဆီးမိရေး ဆောင်ရွက်နေတယ်လို့ ရဲက ပြောပါတယ်။ ဇန်နဝါရီ ၃၁ ရက်က ယာဉ်မောင်း အောင်ဇင်မောင်းနှင်ပြီး ယာဉ်နောက်လိုက် သဲဇော်လိုက်ပါလာတဲ့ အဖြူရောင် ၆ ဘီး ISUZU ကားကို တောဂျင်ရဲကင်းစခန်းမှူး ဒုရဲအုပ် နန်းအောင် ဦးစီးအဖွဲ့က စစ်ဆေးရာမှာ အရှည် ၈ လက်မလောက်ရှိတဲ့ ယမ်းပျော့လို့ ယူဆရတဲ့ အချောင်း ၁၅ ချောင်းစီပါ အထုပ် ၈ ထုပ်၊ စုစုပေါင်း ဂျပ်ဖာ ၇၅ ဖာ၊ ယမ်းပျော့ချောင်းရေ ၉၀၀၀ ကိုတွေ့ရှိ ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ စစ်ကိုင်းတိုင်းရဲတပ်ဖွဲ့ ဒုရဲမှူးကြီး ဘဝင်းက "ဒီကိစ္စကို ကျနော်ကိုယ်တိုင်လည်း သွားခဲ့တယ်။ အမှုစစ်အဖွဲ့ဖွဲ့ပြီး စစ်ဆေးနေပါတယ်။ ကျန်တရားခံဖမ်းဆီးရမိရေးလည်း လုပ်ဆောင်နေပါတယ်။ သက်ဆိုင်ရာ နယ်မြေခံတပ်ကို စစ်ဆေးအတည်ပြုစေရာမှာတော့ ယမ်းပျော့တွေလို့ သိရပါတယ်။ ကနဦးစစ်ဆေးချက်တွေအရတော့ မန္တလေးကနေ ကလေးကို မှားပို့တာ။ အဲဒါကို ကလေးကနေ မန္တလေး ပြန်သယ်တယ်ပေါ့။ အဲလိုတော့ သိရတယ်။ အသေးစိတ်ကို ဆက်လက်စစ်ဆေးနေဆဲဖြစ်ပါတယ်" လို့ ပြောပါတယ်။ စစ်ဆေးချက်တွေအရ ဒီပစ္စည်းတွေကို ကလေးမြို့ရှိ ဖိုးကျော်ဆိုသူအိမ်ကနေ တင်ဆောင်လာတာလို့ သိရပါတယ်။  လတ်တလောဖမ်းဆီးထားတဲ့ ယာဉ်မောင်းအောင်ဇင်နဲ့ ယာဉ်နောက်လိုက် သဲဇော်တို့ထံကို ထမင်းလာပို့တဲ့ ရန်နိုင်မိုးကို မသင်္ကာလို့ ထပ်မံစစ်ဆေးပြီး ရေဦး-ကလေးဝကားလမ်း၊ မိုင်တိုင်အမှတ် ၂၈/ ၅ တောင်ကြောင်းကျေးရွာအနီး ရွှေမြင့်မိုရ်နောက်ကျောဘက် ကွင်းပြင်ကို သွားရောက်ရှာဖွေရာမှာ ဂျပ်ဖာပေါင်း ၈၅ ဖာ၊ ယမ်းပျော့ အချောင်းရေ ၁၀၂၀၀ ချောင်းတို့ကို ထပ်မံတွေ့ရှိခဲ့တယ်လို့ ဒုရဲမှူးကြီးက ပြောပါတယ်။ စစ်ဆေးချက်တွေအရ ဒီပစ္စည်းတွေကို ရန်နိုင်မိုး လိုက်ပါပြီး ယာဉ်မောင်း ဖိုးကျော် မောင်းနှင်လာတဲ့  ISUZU ကားပေါ်ကနေ ခေတ္တချထားခဲ့တာလို့ ဆိုပါတယ်။ ဂျပ်ဖာခွံတွေမှာ ကာကွယ်ရေးပစ္စည်းစက်ရုံတံဆပ်တွေလည်း ပါရှိကြောင်း၊ ယမ်းပျော့တွေသာမက ကား ၂ စီးပေါင်း သစ် ၃ တန်ကျော်ကိုလည်း ဖမ်းဆီးရမိခဲ့တယ်လို့ ဒုရဲမှူးကြီးက  ပြောပါတယ်။ ဖမ်းဆီးရမိတဲ့ သစ်တွေကိုတော့ သစ်တောဥပဒေပုဒ်မအရ အမှုဖွင့်ထားပြီး ယမ်းပျော့လို့ယူဆရတဲ့ ပစ္စည်းတွေကိုတော့ ဖိုးကျော်နဲ့ ရန်နိုင်မိုးတို့ကို ကံထူးမ နယ်မြေရဲစခန်းကနေ ပေါက်ကွဲစေတတ်သောပစ္စည်းများ အက်ဥပဒေ ပုဒ်မ ၅ အရ အမှုဖွင့်အရေးယူကာ ကျန်ရှိတရားခံဖြစ်တဲ့ ဖိုးကျော်ကို ဖမ်းဆီးရမိဖို့ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ ဒီပစ္စည်းတွေက တရားဝင်ထုတ်လုပ်တဲ့ ကျောက်မိုင်း၊ ကျောက်မီးသွေးတွင်းတွေက အစိုးရထံကနေ တရားဝင် ဝယ်ယူသုံးစွဲခွင့်ရှိပြီး ဒီလုပ်ငန်းလုပ်တဲ့ ကုမ္ပဏီတွေကနေ သယ်ဆောင်တာတွေလည်း ဖြစ်နိုင်တယ်လို့ သုံးသပ်ထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024