YBS စနစ်ပြောင်းလိုက်လို့ အဓိကယာဉ်ကြောကြပ်တည်းမှုနဲ့ ယာဉ်စည်းကမ်းလိုက်နာမှု အများကြီးပြောင်းလဲသွားတယ်လို့ YRTA တွဲဖက်အတွင်းရေးမှူး ဦးလှအောင်က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
အရင် မထသလက်ထက်ကနေ YBS စနစ်ပြောင်းလိုက်တဲ့အပေါ် အမျိုးသမီးတွေအနေနဲ့ ဟိုင်းလတ်ယာဉ်ပေါ်မှာစီးရတဲ့ အဆင်မပြေမှုတွေက ကင်းဝေးသွားသလို ယာဉ်မောင်းတွေအနေနဲ့ ယာဉ်စည်းကမ်းလိုက်နာမှုတွေရှိလာတယ်လို့ ဆိုပါတယ်။
“အဓိက ဘာပိုကောင်းလဲဆိုတော့ ယာဉ်ကြောကြပ်တည်းမှု၊ ဟိုင်းလပ်ယာဉ်နှစ်စီးသယ်တဲ့ ဟာကို ဘီအမ်တစီးသယ်လို့ရတယ်။ မီနီတစီး သယ်လို့ရတယ်။ မီနီ နှစ်စီးလောက် သယ်လို့ရတဲ့ ဟာကို ကားကြီးတစီးသယ်တဲ့အတွက် ယာဉ်တွေရဲ့သွားလာမှုသည် ကျစ်လစ်လာသလို ယာဉ်ကြော ပိတ်ဆို့မှု၊ ယာဉ်စီးကမ်းလိုက်နာမှုအပိုင်းမှာ အများကြီးပြောင်းလဲသွားတယ်”လို့ ဦးလှအောင်က ပြောပါတယ်။
အရင် မထသလက်ထက်က ရန်ကုန်မြို့ရဲ့ အများပြည်သူ သယ်ယူပို့ဆောင်ရေးကဏ္ဍမှာ ၂၀၁၆ ခုနှစ် ၁၁ လပိုင်းအထိ စီးတီးဘတ်စ် ၃၀၀၀ ကျော်အပါအဝင် ဘီအမ်၊ ဟိုင်းလပ်၊ ဒိုင်နာနဲ့ မီနီဘတ်စ်ယာဉ်ပေါင်း ၇၈၀၀ ကျော်နဲ့ ပြေးဆွဲခဲ့တာပါ။
လက်ရှိမှာတော့ စီးတီးဘတ်စ်တွေနဲ့ အစားထိုးလိုက်သလို ယာဉ်အစီးရေလည်း လျှော့နည်းသွားတာကြောင့် ယာဉ်ကြောကြပ်တည်းမှု အဓိကလျှော့ကျသွားတယ်လို့ ဆိုပါတယ်။
YBS စနစ်ပြောင်းလဲပြီးနောက်ပိုင်း ရန်ကုန်မြို့မှာ YBS ယာဉ်အစီးရေ ၆၀၀၀ လောက်ရှိပြီး နေ့စဉ်ယာဉ်အစီးရေ ၄၄၀၀ ကျော်နဲ့ လူဦးရေ ၁ ဒဿမ ၈ သန်းကျော်ကို နေ့စဉ်ပြေးဆွဲပေးနေ ပါတယ်။