ရသေ့တောင်တွင် ကျွဲရှာသွားသည့် အမျိုးသား ၁ ဦး မိုင်းနင်း၍ သေဆုံး
ဝဏ္ဏခွာညို
·
February 4, 2020
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ငစံဘော်ကျေးရွာသားတဦး ဖေဖော်ဝါရီ ၂ ရက် နေ့လယ်ပိုင်းက ကျေးရွာရဲ့မြောက်ဘက်မှာ ကျွဲရှာသွားရင်း မိုင်းနင်းမိတဲ့အတွက် သေဆုံးသွားတယ်လို့ အဲ့ဒီကျေးရွာရဲ့အနီးအနားက ကျေးရွာအုပ်ချုပ်ရေးမှူးတွေက ပြောပါတယ်။
အမည်မဖော်လိုသူ ကျေးရွာအုပ်ချုပ်ရေးမှူးတဦးက “သူကရွာရဲ့အမြောက်ဘက်မှာ ကျွဲရှာဖို့ ဆိုပြီးတော့သွားတာ။ အဲ့ဒီမှာ မိုင်းနင်းမိတာ။ ခြေထောက်နှစ်ဖက်ကတော့ ပြတ်သွားတယ်။ ဖြစ်တဲ့ နေရာမှာတော့ မသေဘူး။ သူ့ကိုထမ်းယူလာတဲ့အချိန်မှာ လမ်းမှာ သေသွားတာပါ။ သွေးထွက်လွန် ပြီးတော့ သေသွားတာ။
ငစံဘော်ကျေးရွာသား ကိုစိုးနိုင်ကလည်း “ မိုင်းနင်းမိနေရာဆိုရင် ကျေးရွာနဲ့ မလှမ်းမကမ်းမှာရှိနေပြီး မိုင်းနင်းမိတဲ့အချိန်မှာ ဦးသိန်းစိုးအောင်က လှမ်းအော်ခေါ်ပြီးနောက်မှာ ကျေးရွာသားတွေ သွားရောက်သယ်ယူခဲ့ပေမယ့် လမ်းမှာ သေဆုံးခဲ့တာ”လို့ ပြောပါတယ်။
သေဆုံးသွားသူမှာ အသက် ၅၈ နှစ်အရွယ် ဦးသိန်းစိုးအောင်ဖြစ်ပြီး သေဆုံးသူရဲ့ ရုပ်အလောင်းကိုတော့ ရသေ့တောင်မြို့ကို ပို့ဆောင်လိုက်တယ်လို့ ငစံဘော်ကျေးရွာသားတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းက အမျက်တောင်၊ မညင်းတောင်နဲ့ အောင်ဇေယျကျေးရွာ အကြားတွေမှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် (အေအေ)တို့ တိုက်ပွဲပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့ပြီး ကျေးရွာသားတချို့ကတော့ ထပ်မံထွက်ပြေးနေကြရပါတယ်။